စစ်ကောင်စီနှင့် ရုရှားအစိုးရတို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိသော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား တနင်္သာရီဒေသမှ အရပ်ဖက်အဖွဲ့အစည်း ၁၁ ဖွဲ့နှင့် နိုင်ငံရေးအင်အားစုများက မတ်လ ၁၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်ကို MAGGA Initiative – MI၊ တနင်္သာရီမြစ်နှင့် ဌာနေတိုင်းရင်းသားများကွန်ရက်၊ Youth Development Institute (YDI)၊ ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၊ ထားဝယ်အမျိုးသမီးသမဂ္ဂ၊ Green Network (မြိတ်ကျွန်းစု)၊ မြိတ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ တနင်္သာရီလူငယ်ကွန်ရက် (TYN)၊ လူ့အခွင့်အရေး ကာကွယ်သူများနှင့် မြှင့်တင်သူများ၊ မြိတ်ခရိုင် နိုင်ငံရေးအင်အားစု၊ ထားဝယ်ခရိုင် နိုင်ငံရေးဦးဆောင်အဖွဲ့တို့ ပူးပေါင်း ပါဝင်ကြောင်း သိရသည်။
ဤစီမံကိန်းသည် ဒေသခံများ၏ လူမှုဘဝ၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုတို့အား ပြင်းထန်စွာ ခြိမ်းခြောက်လျက်ရှိပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုဆိုးရွားစေမည်ဟု ဒေသခံများက စိုးရိမ်နေကြကြောင်း၊ အဆိုပါ စက်ရုံများသည် ညစ်ညမ်းသော စက်ရုံများဖြစ်ပြီး ဒေသခံတို့၏ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်များကို လုံးဝ ခြိမ်းခြောက်လာမှာဖြစ်ကြောင်း တနင်္သာရီဒေသ အရပ်ဖက်အဖွဲ့အစည်းများ နှင့် နိုင်ငံရေး အင်အားစုများ၏ ပြောရေးဆိုခွင့်ရှိသူ Mal Hsu က ပြောသည်။
“ဒီဟာတွေသည် သူများနိုင်ငံမှာ ဆိုရင် ဘယ်သူမှ မလိုတဲ့ စက်ရုံ၊ ညစ်ညမ်းတဲ့စက်ရုံ နောက်ဆက်တွဲ ထိခိုက်မှု အရမ်းများတဲ့ စက်ရုံဖြစ်တယ်ပေါ့နော်၊ ဒီလိုမျိုး ညစ်ညမ်းတဲ့ စီမံကိန်းတွေဟာ ကျမတို့ရဲ့ သက်မွေးဝမ်းကျောင်းတွေ မှီတည်တဲ့နေရာပေါ့နော်၊ ကျမတို့ ရိုးရာယဉ်ကျေးမှုတွေ ရှိတဲ့နေရာနဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်တယ်။ တည်ဆောက်ဖို့အတွက် လုံးဝကို မသင့်တော်တဲ့ နေရာဖြစ်တယ်ပေါ့နော်၊ ဒါမျိုးကို ဆက်ပြီးတော့ တည်ဆောက်လာမယ်ဆိုလို့ရှိရင် ဒေသခံတွေရဲ့ လူ့အခွင့်အရေး ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကိစ္စတွေ၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံ သက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို လုံးဝ ဆိုးကျိုးသက်ရောက်ဖို့အတွက် မလွဲဧကန် ခြိမ်းခြောက်လာမှာပဲ ဖြစ်တယ်” ဟု ပြောသည်။
ထားဝယ်စီမံကိန်းသည် ၂၀၁၂ ခုနှစ်က မြန်မာ-ထိုင်းအစိုးရများ စတင်ခဲ့သော စီမံကိန်းဖြစ်ပြီး၊ ဂျပန်အစိုးရပါ ပူးပေါင်းခဲ့ကြောင်း၊ သို့သော် မြေယာအဓမ္မသိမ်းဆည်းမှု၊ အကျင့်ပျက်ခြစားမှု နှင့် ဒေသခံများ၏ ပြင်းထန်သောကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
လက်ရှိ စစ်ကောင်စီနှင့် ရုရှားတို့ ပြန်လည်သဘောတူခဲ့ကြသော ယခုစီမံကိန်းတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံနှင့် နက်ရှိုင်းသောပင်လယ်ဆိပ်ကမ်းတို့ ပါဝင်ပြီး၊ ဒေသတွင်း ကုန်သွယ်ရေးလမ်းကြောင်းအတွက် မဟာဗျူဟာကျသော စီမံကိန်းတစ်ခုဖြစ်လာသည်။
အဆိုပါ စီမံကိန်းများကို ဒေသခံများက လက်မခံဘဲ မြေယာအငြင်းပွားမှု အရှုပ်အထွေးကိစ္စရပ်များ များပြားခဲ့ကြောင်း၊ ဒေသခံများ လက်မခံပါက ကန့်ကွက်တိုက်ပွဲဝင်သွားရန် အရေးကြီးကြောင်း Mal Hsu က ပြောသည်။
“စီမံကိန်းက စတင်လုပ်ဆောင်ကတည်းက Image မကောင်းခဲ့ဘူးပေါ့နော်၊ အဓိကတော့ ဒီစီမံကိန်းမှာ ဆက်စပ်ပြီးတော့ အတင်းအဓမ္မမြေယာသိမ်းဆည်းမှုတွေ၊ အတင်းအကျပ်နေရပ်စွန့်ခွာခိုင်းတဲ့ ကိစ္စတွေပေါ့နော်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကျင့်ပျက်ခြစားမှု တွေ ဖြစ်ခဲ့တယ်။ ဆိုတော့ ဒီစီမံကိန်းကို ဒေသခံတွေက လက်မခံတဲ့ ကိစ္စအပြင် မြေယာအငြင်းပွားမှု အရှုပ်အထွေး ကိစ္စလည်း အရမ်းများခဲ့တယ်ပေါ့နော်၊ ဆိုတော့ ရင်းနှီးမြှပ်နှံမယ့်သူမရှိတဲ့အတွက်ကြောင့် အကောင်အထည်ဖော်ဖို့က မလုပ်နိုင်ခဲ့ပါဘူး။ ဆိုတော့ ဒေသခံတွေက ဒီစီမံကိန်းကို လက်မခံဘူး။ သဘောမတူဘူးဆိုလို့ရှိရင်တော့ စီမံကိန်းကို အကောင်အထည်ဖော်လို့မရအောင် နည်းမျိုးစုံနဲ့ ကန့်ကွက် တိုက်ပွဲဝင်သွားဖို့က အရေးကြီးပါတယ်” ဟု ပြောသည်။
ထားဝယ်ဒေသ၏ ဖွံ့ဖြိုးရေးကို ထားဝယ်သူ/သားများကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီနည်းကျ ဒီမိုကရေစီစံနှုန်းများ နှင့်အညီ ထားဝယ်သူ/သားများ ကိုယ်တိုင်တင်မြှောက်ထားသော အစိုးရသာလျှင် ထားဝယ်ဒေသ၏ ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် စီမံကိန်းအတွက် မြေယာသိမ်းဆည်းမှုများ စတင်နေပြီး ဒေသခံများက ပဋိပက္ခမြင့်တက်လျက်ရှိသည်။ ထို့ကြောင့် အရပ်ဘက်အဖွဲ့များက နိုင်ငံတကာအသိုင်းအဝိုင်းအား စီမံကိန်းကို ရပ်တန့်ရန် ဖိအားပေးရန် တောင်းဆိုထားသည်။


