ထိုင်းမြန်မာနယ်စပ် ကန်ချနပူရီပြည်နယ်၊ စန်ခလပူရီမြို့နယ်မှ ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့ပူးပေါင်း၍ မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူဒေသ ကျားဖြန့်လုပ်ငန်းစခန်းသို့ ပို့ဆောင်မည့် Starlink အင်တာနက်စနစ်ပစ္စည်းများကို ယနေ့နံနက်တွင် ဖမ်းဆီးရမိခဲ့သည်။
နိုင်ငံတကာမှ မှောင်ခိုသမားများက ဘုရားသုံးဆူဒေသရှိ “ကျားဖြန့်လုပ်ငန်း” စင်တာသို့ ထိုင်းနိုင်ငံမှ တရားမဝင် Starlink ဆက်သွယ်ရေးပစ္စည်းများ ပို့ဆောင်နေကြောင်း သတင်းပေးပို့ချက်အရ ထိုင်းလုံခြုံရေးအဖွဲ့တို့ စောင့်ကြည့်ခဲ့ရာမှ ယနေ့ (မတ်လ ၁၁ ရက်) နံနက် ၁၀ နာရီတွင် စံခလပူရီမြို့အနီး ဖမ်းဆီးမိခြင်း ဖြစ်သည်။
အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး မောင်းနှင်လာခဲ့သော မီးခိုးရောင် Vivo ပစ်ကပ်ကားတစ်စီးပေါ်မှ မှောင်ခိုသွင်းလာသည့် ပစ္စည်းများတွင် Starlink အင်တာနက်စနစ် (အသေးစား ၁၀ ခု၊ အကြီး ၄ ခု)၊ ပရင့်တာများ၊ လေအေးပန်ကာနှင့် အသုံးအဆောင်ပစ္စည်းများ ပါဝင်ကာ စုစုပေါင်းတန်ဖိုး ထိုင်းဘတ် ၁ သန်းကျော်ရှိသည်။
ဖမ်းဆီးခံထားရသူက သူ့အား “တီ” အမည်ရှိ လူတစ်ဦးက ထိုင်းဘတ် ၅,၅၀၀ ပေး၍ ဘန်ကောက်မြို့ ရာမာ ၉ နေရာမှ ကုန်ပစ္စည်းများကို ဘုရားသုံးဆူဒေသသို့ ပို့ဆောင်ရန် ငှားရမ်းခဲ့ကြောင်း ဝန်ခံခဲ့သည်။
ထိုနောက် ဘုရားသုံးဆူနယ်စပ်၌ ပစ္စည်းလက်ခံယူမည့် မြန်မာနိုင်ငံသားတစ်ဦးနှင့် ချိတ်ဆက်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းဆက်သွယ်၍မရခဲ့ပေ။
ထိုင်းရဲတပ်ဖွဲ့က ၄င်းပစ္စည်းများသယ်ဆောင်လာသူအား ကူးသန်းရောင်းဝယ်ရေးနှင့် အကောက်ခွန်ဥပဒေများကို ချိုးဖောက်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေးပစ္စည်းများ သယ်ဆောင်ခြင်း ဥပဒေများဖြင့် တရားစွဲဆိုထားပြီး အရေးယူဆောင်ရွက်လျက်ရှိသည်။
ဘုရားသုံးဆူဒေသတွင် ကျားဖြန့်လုပ်ငန်းများ လျှင်မြန်စွာတိုးပွားလာမှုကို ထိန်းချုပ်ရန် ထိုင်းအစိုးရက လျှပ်စစ်မီးနှင့် စက်သုံးဆီဖြတ်တောက်ခဲ့သော်လည်း မှောင်ခိုလမ်းကြောင်းများမှ တရားမဝင်ပစ္စည်းများ ဆက်လက်ရောက်ရှိနေဆဲဖြစ်သည်။
Source; ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี