နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ရည်စူး၍ KNU တပ်မဟာ ၆ ဒေသတွင် ကရင်ရိုးရာ “ထီးတံခွန်အပ်” အမျှအတန်းပေးဝေခြင်း အခမ်းအနားကို ယမန်နေ့က ဒေသခံကရင်လူမျိုးများက ဦးဆောင်ကျင်းပခဲ့သည်။
ကရင်ရိုးရာအရ “ထီးတံခွန်အပ်” ခြင်းသည် ကွယ်လွန်သူများ၏ ဝိဉာဉ်များ လွတ်မြောက်ကာ ကောင်းရာသုဂတိသို့ ရောက်ရှိစေရန် ရည်ရွယ်သည့် ဓလေ့ထုံးတမ်းတစ်ခုဖြစ်သည်။ ယခုအခမ်းအနားတွင် ကျဆုံးခဲ့သည့် တော်လှန်ရေးစစ်သည် ၁၀၀ ကျော်အား ရည်စူးခဲ့ပြီး အများစုမှာ PDF စစ်ကြောင်းများမှ ဖြစ်ကာ အမျိုးသမီးတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။
KNU တပ်မဟာ ၆ မှ ဦးဆောင်သူတစ်ဦးက “ဤအရေအတွက်သည် လက်လှမ်းမီသမျှသာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူများ၏ အရေအတွက်မှာ ယခုထက်များစွာပိုမိုများပြားသည်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ကျဆုံးချိန်တွင် အမျှအတန်းပေးဝေခြင်းကို အနီးအနားတွင် မပြုလုပ်နိုင်ခဲ့သည့် တပ်ဖွဲ့ဝင်များအတွက် ဝိဉာဉ်များ မကျွတ်မလွတ်ဖြစ်မည်ကို စိုးရိမ်၍ ယခုကဲ့သို့ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သူက ရှင်းပြခဲ့သည်။
KNU တပ်မဟာ ၆ သည် နွေဦးတော်လှန်ရေး၏ အစပိုင်းကတည်းက တော်လှန်ရေးသမားများအား မွေးထုတ်ပေးခဲ့သည့် မြန်မာနိုင်ငံတောင်ပိုင်းရှိ အဓိကဒေသဖြစ်သည်။
လတ်တလောကာလတွင် တပ်မဟာ ၆ ၏ နယ်မြေအတော်များများသည် လွတ်မြောက်နယ်မြေများဖြစ်လာပြီး ဝင်းရေးမြို့နယ်၊ အနန်းကွင်းစစ်ဗျူဟာစခန်း၊ ကော့ကရိတ်မြို့နှင့် အာရှလမ်း အောင်ဇေယျစစ်ကြောင်းများတွင် KNU ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
Photo-မော်ကွန်း