သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဝဲခမိကျေးရွာတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြံလုပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်အရ အသက် ၄၃ နှစ်အရွယ် ဦးနန္ဒာထွန်းသည် ဝဲခမိကျေးရွာအနီးရှိ တောင်ပေါ်ရော်ဘာခြံအတွင်း ပေါင်းမြက်ရှင်းလင်းရန် သွားရောက်စဉ် မတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက “ပေါက်ကွဲသံကြားလို့ အခြားခြံလုပ်သားတွေ သွားကြည့်တဲ့အခါ ဦးနန္ဒာထွန်းက ခြေထောက်ပြတ်ဒဏ်ရာနဲ့ လဲကျနေတာကို တွေ့ခဲ့ရတယ်။ သူ့ကို ချီပိုးပြီး ရွာကိုပြန်ခေါ်လာခဲ့ကြတယ်။ ရွာကနေ ကားနဲ့ သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ကြတယ်” ဟု ပြောကြားသည်။
ပေါက်ကွဲမှုကြောင့် ဦးနန္ဒာထွန်းသည် ဘယ်ဘက်ခြေကျင်းဝတ်ပြတ်ဒဏ်ရာ၊ ညာဘက်ခြေသလုံးတွင် မိုင်းစထိမှန်ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်လက်ဖျံအောက်နှင့် မေးအောက်တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာများ ပြင်းထန်သည့်အတွက် သံဖြူဇရပ်မြို့နယ်ဆေးရုံမှ တဆင့် မော်လမြိုင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ လူနာတင်ယာဉ်ဖြင့် ထပ်မံပို့ဆောင်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
အလားတူဖြစ်စဉ်များအရ ဝဲခမိကျေးရွာအနီးရှိ ကုန်းမြင့်သာယာကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၂၀ အရွယ် ရော်ဘာခြံလုပ်သား မောင်သက်အောင် (ပငရွာသား) ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ဝဲခမိကျေးရွာနှင့် အနီးတဝိုက်တွင် KNU လက်အောက်ခံ KNLA တပ်ဖွဲ့နှင့် PDF တပ်ဖွဲ့များ လှုပ်ရှားလျက်ရှိပြီး မြန်မာစစ်တပ်နှင့် မကြာခဏတိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ထိုဒေသသည် မွန်နှင့် ကရင်တိုင်းရင်းသားများ ရောနှောနေထိုင်သည့် နေရာဖြစ်ပြီး မြေမြှုပ်မိုင်းအန္တရာယ်များ ဆက်လက်ရှိနေဆဲဖြစ်သည်။