ရေးမြို့တွင် နယ်ထိန်းရဲတပ်ကြပ်တစ်ဦးအား ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ည (၆) နာရီအချိန်ခန့်က ရေးမြို့၊ အေင်သုခရပ်ကွက်ရှိ ဘီယာဆိုင်တွင် အရက်ထိုင်သောက်နေသည့် ရေးမြို့မရဲစခန်းမှ နယ်ထိန်းရဲ မျိုးသူ အား ရေးဘီလူးအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ပြီး ၎င်းတွင်ပါလာသည့် ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
မြို့ခံတစ်ဦးက “နယ်ထိန်းရဲတပ်ကြပ်ကြီး မျိုးသူ၊ သူ့မှာ ဦးခေါင်းနဲ့ နောက်ကျောမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်တဲ့ ဘီယာဆိုင်အနီး ရေမြောင်းနားမှ တွေ့ရပါတယ်” ဟု ပြောကြားသည်။
ယင်းသို့ နယ်ထိန်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ရေးမြို့အတွင်း အင်အားပြ လှည့်လည်ခြင်းများလုပ်ဆောင်ခဲ့ကြောင်းလည်း ရေးမြို့ခံများက ဆိုကြသည်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအပြင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ နှင့် အရပ်သားများပါ မကြာခဏ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့်အပြင်၊ ဌာနဆိုင်ရာရုံးအဆောက်အဦးများကိုလည်း တော်လှန်ရေးအဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မွန်ပြည်နယ် ရေးမြို့နယ်အား (၂၀၂၃) ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်မှစတင်ကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ကြေညာထားသည်။