မွန်ပြည်နယ်၊ ရေးခရိုင်ပြည်သူဆေးရုံကြီး၌ တာဝန်ထမ်းဆောင်နေကြသည့် အထူးကုဆရာဝန်ကြီးများ ယခုလမှစတင်၍ ခွင့်ယူနေကြသဖြင့် ဒေသခံပြည်သူများ အရေးပေါ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဆေးရုံကြီး၌ တာဝန်ကျနေသည့် မေ့ဆေးအထူးကုဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်နှင့် အရိုးအကြောအထူးကုဆရာဝန်တို့ အသီးသီး ခွင့်ယူထားကြပြီး အထွေထွေရောဂါကုသမားတော်တစ်ဦးသာ လက်ရှိတာဝန်ထမ်းဆောင်နေသဖြင့် အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်သည့်အခါတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ရေးမြို့ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။
“လက်ရှိခွင့်မယူထားတဲ့ အထွေထွေသမားတော်ကတော့ သူ့တာဝန်ကျချိန်လာရင် ကြည့်တယ်၊ သူနာပြုတွေ၊ ဆရာဝန်တွေကို လိုအပ်တာတွေ မှာပြီး သူဆေးခန်းပြန်ထိုင်တယ်။ ခွဲစိတ်ဖို့ အရေးကြီးတဲ့လူနာတွေအတွက်ကတော့ အထူးကုမရှိတော့ ဆေးရုံအုပ်က ခွဲလို့ရလောက်ပေမယ့် အထူးကုလောက် အဆင်ပြေမနေဘူး။ တကယ့်လူနာတွေအတွက်ဆို ၆ နာရီညမထွက်ရ အမိန့်ရှိနေတော့ မြို့ပို့ဖို့လည်း အခက်အခဲရှိတယ်။ ဆိုင်ရာက သိပေမယ့် မစီမံပေးနိုင်ဘူး။ နဂိုကတည်းက အထူးကုတွေ မလုံလောက်တဲ့ကြားမှာ ခုလို သူတို့တွေ ခွင့်ယူထားတော့ အဆင်ပြေမနေဘူး။ လက်ထောက်ဆရာဝန်တွေလည်း အလုံအလောက်မရှိသလို၊ ရှိတဲ့ဆရာဝန်ကလည်း ဆေးရုံမှာ အမြဲမရှိနေဘူး”
ထို့အပြင် ဒေသခံပြည်သူများအနေဖြင့် ဆေးရုံတက်ရောက်ကုသသည့်အခါတိုင်း အရေးပေါ်လိုအပ်သည့် ဆေးဝါးများကို ဆေးရုံအတွင်းရှိ သူနာပြုများထံမှ ဝယ်ယူနေရသဖြင့် ချို့တဲ့သည့် လူနာရှင်များ အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ဆရာဝန်နှင့် ဆေးဝါးလိုအပ်ချက်များကို အမြန်ဆုံး ဖြေရှင်းပေးစေလိုကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
“တလောက ကလေး အရေးပေါ်ဖြစ်လို့ ဆေးရုံတက်တာ ဆရာဝန်မရှိလို့ အရေးကြီးရင် အပြင်ဆေးရုံသွားပြတဲ့။ ပိုက်ဆံမတတ်နိုင်လို့ လာပြတာပြောတော့ ဆရာဝန်လာတဲ့အထိ စောင့်ပါတဲ့။ ကုတော့လည်း ဆေးအားလုံးနီးပါးက ဆေးရုံတွင်းနဲ့ အပြင်က ဝယ်ရတာပါပဲ” ဟု ရေးမြို့နေ ဒေသခံတစ်ဦးက ပြောကြားသည်။
ဖွဲ့စည်းပုံအရ ရေးခရိုင်ပြည်သူဆေးရုံကြီးတွင် အထူးကုဆရာဝန်များအဖြစ် အထွေထွေ၊ သွား၊ မျက်စိ၊ ကလေး၊ သွားဖွားမီးယပ်၊ မေ့ဆေး၊ ခွဲစိတ်၊ ဓာတ်မှန်၊ အရိုးအကြော ဆရာဝန်များ ထားရှိရမည်ဖြစ်သော်လည်း အထွေထွေ၊ သွားနှင့် ဓာတ်မှန်အထူးကုဆရာဝန်တို့သာ တာဝန်ထမ်းဆောင်နေပြီး ကျန်အထူးကုဆရာဝန်များမှာ ခွင့်ယူထားခြင်းနှင့် ပြောင်းရွှေ့သွားခြင်းတို့ကြောင့် လစ်လပ်လျက်ရှိနေကြောင်း သိရသည်။
