မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာအဝင်လမ်း ဘောလုံးကွင်းအနီးတွင် ယနေ့နံနက်ပိုင်းက အသက် (၂၅) နှစ်အရွယ် ယောက်ျားလေး (၂) ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက် (၆) နာရီဝန်းကျင်တွင် ကလော့သော့ကျေးရွာအဝင်လမ်း ဘောလုံးကွင်းဘက်မှ သေနတ်သံ (၆) ချက်ကြားခဲ့ရပြီး ဒေသခံများက သွားရောက်ကြည့်ရှုခဲ့ကြရာတွင် ရွာထဲမှ ယောက်ျားလေး (၁) ဦးနှင့် ကော့ပီတောကျေးရွာမှ ယောက်ျားလေး (၁) ဦး သေနတ်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်။ ရုပ်လောင်းများဘေးတွင် သူတို့စီးလာသည့် ဆိုင်ကယ်ကိုလည်း တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
သေဆုံးသူ (၂) ဦးမှာ ကလော့သော့ကျေးရွာ ရပ်ကွက် (၁) တောင်ပိုင်းနေ အသက် (၂၅) နှစ်အရွယ် မွန်ထိုင်း နှင့် ကော့ပီတောကျေးရွာနေ အသက် (၂၅) နှစ်အရွယ် ယောက်ျားလေး တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်နေရာတွင် AK-47 ကျည်ခွံ (၆) ခုကိုလည်း တွေ့ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
သေဆုံးသူ (၂) ဦး၏ ရုပ်အလောင်းများကို မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒေသခံလူမှုကူညီရေးအဖွဲ့မှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ပစ်သတ်ခဲ့သည်ကို ယခုအချိန်ထိ မသိရသေးပေ။

