ကန်ချနပူရီအခြေစိုက် ထိုင်းတပ်မတော်
အမှတ်(၉) တပ်မမှူး ဗိုလ်ချုပ် ပန်ဆက်ပရီယွမ်ဖနိတ် (Gen. Pansak Priewphanit) နှင့် ဘုရားသုံးဆူမြို့အခြေစိုက် မြန်မာစစ်တပ် ခမရ ၂၈၄ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အောင်ထွန်းရွှေ တို့သည် မတ် ၉ ရက်က ထိုင်းနယ်မြေ ဘုရားသုံးဆူကျေးရွာ ထိုင်းနယ်ခြားစစ်စခန်း၌ နယ်စပ်လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ အစည်းအဝေးကို ပြုလုပ်ခဲ့သည်။
ထိုင်းဘက်မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ပီယာနက်ဖတ်သစ်ဆဝေါင်း (Col. Piyanes Phatthasasawatwong) လည်း ယခုတွေ့ဆုံမှုတွင် ပါဝင်ခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
အဆိုပါအစည်းအဝေးသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဒေသခံပြည်သူများ၏ ဘဝအာမခံမှုများ မြှင့်တင်ရန် ရည်ရွယ်ကြောင်း။ နှစ်နိုင်ငံစစ်တပ်များသည် နယ်စပ်ဒေသတွင် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှု၊ လူသယ်ဆောင်ခြင်းအပါအဝင် တရားမဝင်လှုပ်ရှားမှုများကို ထိထိရောက်ရောက် ကာကွယ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း။ ထို့အပြင် နယ်စပ်ကျေးရွာများရှိ ပြည်သူများ၏ လုံခြုံရေးနှင့် အခွင့်အရေးများ ကာကွယ်ရေးအတွက် နှစ်ဖက်ပူးပေါင်းမှုကို အလေးထားဆွေးနွေးခဲ့ကြသည်။
ဘုရားသုံးဆူမြို့နှင့် ပတ်ဝန်းကျင်ဒေသအား KNU တပ်မဟာ (၆) နှင့် DKBA တို့ ထိန်းချုပ်ထားသော်လည်း မြန်မာစစ်တပ်သည် ခမရ ၂၈၄ တပ်ရင်းကို ယာယီအခြေစိုက်ကာ နယ်စပ်လုံခြုံရေးနှင့် ထိုင်းနှင့်ဆက်ဆံရေးတိုးမြှင့်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
သို့သော် ယခုတွေ့ဆုံမှုသည် စစ်အာဏာရှင်စနစ်ကို သွယ်ဝိုက်ထောက်ခံသည့် လုပ်ရပ်အဖြစ် နယ်စပ်ဒေသစောင့်ကြည့်သူများက ဝေဖန်ထားသည်။
Ref; ကန်ချနပူရီဒေသ သတင်း