စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ရုရှားနှင့် ဘယ်လာရုစ် ခရီးစဉ်အပြီးတွင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။ ထိုသို့ ရောက်ရှိလာမှုသည် ချိန်းဆိုမထားဘဲ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။
မစ္စတာတိန့်ရှီးကျွင်းသည် မတ်လ ၁၀ ရက်နေ့တွင် နစက၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များအပေါ် နောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာသော ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ဆက်လက်ကူညီဆောင်ရွက်ပေးမည့် အကြောင်းများကိုလည်း ဆွေးနွေးခဲ့သည်။ နယ်စပ်ဒေသတွင် တိုးမြင့်လာနေသော အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှု ကွန်ရက်များကို ပူးပေါင်းတိုက်ဖျက်ရန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုတို့၏ ဖိတ်ကြားချက်အရ မတ်လ ၃ ရက်မှ ၉ ရက်အထိ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။ ထို့နောက် မတ်လ ၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး မတ်လ ၁၀ ရက်တွင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။
နစကသည် မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားကြောင်း ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
Keywords
