ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အနီးရှိ ဘားအံ-မြဝတီ ကားလမ်းပေါ်က ဂျိုင်း(ကော့ကရိတ်)တံတားအသစ်ကို မတ်လ ၉ ရက်နေ့တွင် ဖွင့်လှစ်လိုက်သည်။
ကော့ကရိတ်မြို့နယ်တွင် KNLA, PDF တို့နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း စစ်ကောင်စီက တံတားကို အောင်မြင်စွာ တည်ဆောက်ပြီးမြောက်ခဲ့ပြီး ဖွင့်လှစ်ပွဲကို အနှောင့်အယှက်မရှိ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
အဟောင်းဖြစ်သော ဂျိုင်းတံတားမှာ သက်တမ်းကြာမြင့်လာပြီး ဝန်ခံနိုင်စွမ်း ကန့်သတ်ချက်ရှိလာသဖြင့် ဂျပန်နိုင်ငံ၏ JICA အေဂျင်စီမှ အတိုးနှုန်းသက်သာသည့် ချေးငွေဖြင့် ဂျပန်နည်းပညာသုံး တံတားအသစ်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အသစ်တည်ဆောက်ထားသော သံမဏိကြိုးဆိုင်းတံတားသည် အရှည် ၁,၉၀၃ ပေ၊ ယာဉ်လမ်း ၄ လမ်းနှင့် လူသွားလမ်း တစ်ဖက် ၁.၂ မီတာစီ ပါရှိသည်။ ရေလမ်းကြောင်းအောက်တွင် လွတ်လပ်အမြင့် ၃၅ ပေ၊ အကျယ် ၅၉၁ ပေ ထားရှိကာ ယာဉ်တစ်စီးလျှင် ၇၅ တန် ဝန်ခံနိုင်စွမ်းရှိသည်။ ဂျပန်နည်းပညာဖြင့် ပေါင်းစပ်တည်ဆောက်ထားသော Extradosed Bridge အမျိုးအစား ဖြစ်ပြီး၊ ဒေသတွင်း စီးပွားရေးလမ်းကြောင်းများကို ပိုမိုခိုင်မာစေမည်ဟု မျှော်မှန်းထားသည်။
ဖွင့်လှစ်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အပါအဝင် အဆင့်မြင့်အရာရှိများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ဝန်ကြီးများက ဖဲကြိုးဖြတ်ခြင်း၊ ကမ္ပည်းမော်ကွန်းစက်ခလုတ်နှိပ်ခြင်း၊ အမွှေးနံ့သာရည်ဖျန်းခြင်းစသည့် ရိုးရာဓလေ့များဖြင့် တံတားကို ဖွင့်လှစ်ပေးခဲ့ပြီး တံတားပေါ်မှ ဖြတ်သန်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။
ဤတံတားသည် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး (East-West Economic Corridor) ၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကာ မြဝတီ၊ ဘားအံ၊ မော်လမြိုင်နှင့် ရန်ကုန်ရှိ သီလဝါစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းတို့သို့ ဆက်သွယ်မှုကို မြှင့်တင်ပေးသလို ကရင်နှင့် မွန်ပြည်နယ်တို့၏ ဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်သာမက နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းများကိုပါ တိုးချဲ့နိုင်မည်ဟု မျှော်မှန်းထားသည်။