ကန်ချနပူရီဆိုတာ ထိုင်းနိုင်ငံမှာ ကြီးမားတဲ့ ပြည်နယ်တစ်ခုပါ။ ဧရိယာစတုရန်းကီလိုမီတာ ၁၉,၄၈၃ ရှိပြီး နိုင်ငံတစ်ဝှမ်းမှာ တတိယအကြီးဆုံးပါပဲ။ လူဦးရေကတော့ ၉ သိန်းနီးပါးရှိတယ်။
ဒီပြည်နယ်ရဲ့ ထူးခြားချက်က မြန်မာနိုင်ငံတောင်ပိုင်းက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနသႅာရီတိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။ သဘာဝတောတောင်တွေရဲ့အနေအထားအရ ရှေးကာလကတည်းကပင် နယ်စပ်အဝင်အထွက်လမ်းကြောင်း ၄၃ ခုရှိပြီး အဓိကဂိတ်နှစ်ခု ဘုရားသုံးဆူ ယာယီနယ်စပ်ဖြတ်ကျော်ဂိတ် Phra Chedi Sam Ong Temporary Border Checkpoint နဲ့ ထီးခီးနယ်စပ်ဖြတ်ကျော်ဂိတ် Ban Phu Nam Ron Permanent Border Checkpoint ဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းအတွက် အခွင့်အလမ်းတွေ အများကြီးရှိနေတာပေါ့။
စီးပွားရေးအနေအထား
ကန်ချနပူရီရဲ့ စီးပွားရေးက တဖြည်းဖြည်း ကြီးထွားလာနေပါတယ်။ ၂၀၂၂ ခုနှစ်မှာ ပြည်နယ်ရဲ့ GDP က ၁၂၁,၃၇၂ သန်းဘတ်ရှိပြီး နှစ်စဉ် ၁၄% နီးပါး တိုးတက်လာတယ်။ ပြည်သူတစ်ဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေကလည်း ၁၄၅,၆၂၈ ဘတ်အထိ ရှိနေပြီ။ ဒါပေမယ့် နိုင်ငံတွင်းမှာ ဝင်ငွေအမြင့်ဆုံးပြည်နယ်တွေထဲမှာတော့ အဆင့် ၂၉ ပဲရှိသေးတယ်။ ဒါကြောင့် စီးပွားရေးကို ပိုမိုမြှင့်တင်ဖို့ ခရီးသွားလုပ်ငန်းကို အဓိကထားပြီး အားစိုက်နေတာပါ။
ခရီးသွားလုပ်ငန်းရဲ့ အားသာချက်များ
ကန်ချနပူရီမှာ ခရီးသွားတွေကို စွဲဆောင်နိုင်တဲ့ နေရာပေါင်းစုံရှိပါတယ်။ သမိုင်းဝင်နေရာတွေ၊ သဘာဝအလှတွေ၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ထူးခြားမှုတွေက ဒီပြည်နယ်ကို ထင်ရှားစေတဲ့ အကြောင်းရင်းတွေပါပဲ။
ကန်ချနပူရီပြည်နယ်က စိတ်ဝင်စားဖွယ်နေရာတွေအကြောင်း ပြောပြမယ်နော်။
ယုတ္ထဟတ္ထီ သမိုင်းဝင်ဥယျာဉ်
ဒီဥယျာဉ်က ကန်ချနပူရီမှာရှိပြီး ၁၆ ရာစုက ယုတ္ထဟတ္ထီစစ်ပွဲကို ဂုဏ်ပြုတည်ဆောက်ထားတာပါ။ ဘုရင်နရီစွန်ကြီးရဲ့ ရဲရင့်မှုနဲ့ ဗမာ့မင်းသားတွေအကြား ဆင်နဲ့တိုက်ခိုက်ခဲ့တဲ့ သမိုင်းမှာအရေးပါတဲ့ ဖြစ်ရပ်ကို သိချင်ရင် ဒီနေရာလေးကို သွားသင့်တယ်နော်။
ဟဲလ်ဖိုင်ယား မှတ်တမ်းပြတိုက်
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေ တည်ဆောက်ခဲ့တဲ့ သေမင်းရထားလမ်း (Death Railway) ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဒီနေရာကို စစ်သုံ့ပန်းတွေ၊ အလုပ်သမားတွေရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေကို အောက်မေ့ဖို့ တည်ဆောက်ထားပါတယ်။ “ငရဲမီး” ဆိုတဲ့အမည်က ညဘက်မီးတွေထွန်းပြီး အလုပ်လုပ်နေတဲ့ စစ်သုံ့ပန်းတွေရဲ့ မြင်ကွင်းကို ရည်ညွှန်းတာပါ။
Kwai River မြစ်ကူးတံတား
ဒီတံတားကလည်း သေမင်းရထားလမ်းရဲ့ အစိတ်အပိုင်းဖြစ်ပြီး စစ်သုံ့ပန်းတွေ ခံစားခဲ့ရတဲ့ ဒုက္ခတွေကို သတိရစေတဲ့ သမိုင်းဝင်သင်္ကေတတစ်ခုပါ။ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးလာရောက်လေ့ရှိတဲ့ နေရာလည်းဖြစ်တယ်။
မဟာမိတ်စစ်သင်္ချိုင်း
ဒုတိယကမ္ဘာစစ်အတွင်း သေမင်းရထားလမ်း တည်ဆောက်ရင်း သေဆုံးသွားတဲ့ မဟာမိတ်စစ်သုံ့ပန်းတွေကို ဂုဏ်ပြုတဲ့ သင်္ချိုင်းပါ။ စစ်ရဲ့ ကြမ်းတမ်းမှုနဲ့ လူသားတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို သတိပေးနေတဲ့ နေရာလေးပါ။
သဘာဝခရီးသွားနေရာများ
Erawan Waterfall : အဆင့် ၇ ဆင့်ပါတဲ့ ဒီရေတံခွန်က ကန်ချနပူရီရဲ့ အလှပဆုံးနေရာတစ်ခုပါ။ စိမ်းပြာရောင်ရေကန်တွေမှာ ရေကူးလို့ရပြီး သဘာဝအလှကို စုံမက်သွားစေမယ်။
Huai Mae Khamin၊ #Sai Yok Noi၊ #Sai Yok Yai ရေတံခွန်များ : ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်နဲ့ သဘာဝအလှတွေကို ခံစားချင်ရင် ဒီနေရာတွေကို မမေ့ပါနဲ့။
နတ်အိမ်တောင်ကျေးရွာ : တောင်ပေါ်ကျေးရွာလေးမှာ ဒေသခံတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကို လေ့လာနိုင်ပါတယ်။
ဆင်တိုက်ကုန်း : သမိုင်းနဲ့ သဘာဝအလှကို တစ်ပြိုင်နက်လေ့လာလို့ရတဲ့ နေရာပါ။ ဆင်တွေနဲ့ ပတ်သက်တဲ့ စစ်ပွဲသမိုင်းကို သိချင်ရင်လည်း သွားသင့်တယ်နော်။
ဆင်ဖြူကုန်း : ထိုင်းယဉ်ကျေးမှုမှာ အရေးပါတဲ့ ဆင်ဖြူရဲ့သင်္ကေတနဲ့ သဘာဝအလှကို ခံစားနိုင်ပါတယ်။
ဒါ့အပြင် Hin Dat၊ Lin Thin ရေပူစမ်းများ : စိမ်းလန်းတဲ့ သစ်တောတွေကြားက ရေပူစမ်းတွေမှာ ရေစိမ်ပြီး ပင်ပန်းတာတွေ ပြေလျော့နိုင်တယ်။ ရေပူအပူချိန်က ၄၀-၅၀°C အထိရှိပြီး အရိုးအဆစ်နာတာ၊ အရေပြားပြဿနာတွေအတွက် အကျိုးရှိပါတယ်။
Pom Pee Viewpoint နဲ့ #Tham Thara Lod Cave, #Tham Daowadueng Cave သဘာဝဂူတွေ၊ ဂူအတွင်းရှိ ကျောက်စက်ပန်းဆွဲများကို လေ့လာနိုင်ပါတယ်။
ထိုင်းနိုင်ငံ၏ သဘာဝအမွေအနှစ်နေရာတစ်ခုဖြစ်သလို ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားတဲ့ Thungyai Naresuan Wildlife Sanctuary, West နဲ့ Thungyai-Huai Kha Khaeng Wildlife Sanctuaries တွေကိုလည်း လေ့လာနိုင်ပါတယ်။
ဘာသာရေးနဲ့ ယဉ်ကျေးမှု
ထိုင်းနိုင်ငံရဲ့ အရှည်ဆုံးသစ်သားတံတားဖြစ်တဲ့ မွန်တံတားကြီးလိုမျိုး ဗုဒ္ဓဘာသာဆိုင်ရာ စေတီပုထိုးတွေ၊ လူမျိုးစုပေါင်းစုံရဲ့ ဓလေ့ထုံးတမ်းတွေက စံခလပူရီမြို့မှာ ရှိနေပြီးတော့ ဒီပြည်နယ်ကို အလှတရားတွေ စုံလင်အောင် ဖန်တီးထားပါတယ်။
ဧည့်သည်တွေ ဘယ်လောက်လာလဲ?
၂၀၂၃ ခုနှစ်မှာ ကန်ချနပူရီကို ခရီးသွား ၁၄ သန်းကျော် လာရောက်ခဲ့ပြီး ဝင်ငွေ ၃၀,၄၀၁ သန်းဘတ် ရရှိခဲ့တယ်။ ၂၀၂၄ မှာလည်း ၁၃ သန်းနီးပါး လာရောက်ပြီး ဝင်ငွေ ၃၁,၉၉၁ သန်းဘတ် ရခဲ့သေးတယ်။ ထိုင်းနိုင်ငံမှာ ဧည့်သည်အများဆုံး ပြည်နယ်တွေထဲမှာ တတိယနေရာမှာ ရပ်တည်နေပါတယ်။
အနာဂတ်မှာ ခရီးသွားလာရေး ပိုမိုလွယ်ကူစေဖို့
အခု ကန်ချနပူရီပြည်နယ်က လမ်းပန်းဆက်သွယ်ရေးကို အကြီးစား ပြုပြင်နေပါတယ်။ M81 မော်တော်လမ်းမကြီး ဆောက်လုပ်ပြီးရင် ဘန်ကောက်ကနေ ၄၅ မိနစ်ပဲ ကြာမယ်ဆိုတော့ ခရီးသည် ၉၀% တိုးလာဖို့ သေချာသလောက်ပါပဲ။ ဒီလမ်းမကြီးအပြင် လမ်းခွဲတွေ၊ ရထားလမ်းတွေ၊ ကားပါကင်တွေကိုပါ ခေတ်မီအောင် တည်ဆောက်နေတယ်။
အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ?
ပြည်နယ်အုပ်ချုပ်ရေးမှူး အသီဆန်အင်ထရာ ကတော့ ကန်ချနပူရီကို ခရီးသွားလုပ်ငန်း၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတို့မှာ ထိပ်ဆုံးရောက်အောင် ဦးတည်နေတယ်လို့ ပြောပါတယ်။ သဘာဝအလှတွေကို ထိန်းသိမ်းရင်း၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို မပျောက်ပျက်အောင် လုပ်ဆောင်မှာပါ။
နိဂုံး
ကန်ချနပူရီပြည်နယ်ဟာ ခရီးသွားတွေအတွက် စုံလင်တဲ့ခံစားမှုတွေ ပေးနိုင်ပါတယ်။ သမိုင်းဝင်နေရာတွေကနေ စပြီး သဘာဝအလှတွေ၊ ဒေသခံမွန်၊ ကရင်နဲ့ ထိုင်းလူမျိုးစုယဉ်ကျေးမှုတွေအထိ အကုန်လုံးကို တစ်နေရာတည်းမှာ တွေ့နိုင်တယ်။ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းလာတာနဲ့အမျှ ဒီပြည်နယ်ဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားမြို့တော်ကြီး တစ်ခုအဖြစ် ရပ်တည်လာမှာပါ။
Ref; CaoCao-
မူရင်းလင့်- https://www.facebook.com/share/p/1A4P4siMjX/