မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းစင်တာများကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းကာ အမြစ်ဖြတ်နှိမ်နင်းလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံက ကြေညာလိုက်သည်။ ဘေဂျင်းမြို့တော်တွင် ယမန်နေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဤသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
Wang Yi က ““တရုတ်နယ်စပ်နားက မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းအားလုံးကို အပြီးသတ် ရှင်းလင်းလိုက်ပါပြီ။ ထိုင်း-မြန်မာနယ်စပ်မှာရှိနေတဲ့ ငွေလိမ်ဂိုဏ်းတွေကိုလည်း တရုတ်၊ ထိုင်း၊ မြန်မာ နဲ့လာအိုနိုင်ငံတို့ပေါင်းပြီး နှိမ်နင်းနေပါတယ်။ ပြည်သူတွေထိခိုက်အောင် မကောင်းမှုလုပ်နေသူတွေကို ရှင်းလင်းဖို့နဲ့ အွန်လိုင်းလိမ်လည်မှုတွေရဲ့အရင်းအမြစ်တွေကို အပြီးသတ်ဖယ်ရှားရန် ကျွန်ုပ်တို့ရဲ့ အထူးလုပ်ဆောင်ချက်ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ကိုးကန့်ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းနိုင်ရန် ကိုးကန့်ခေါင်းဆောင်မိသားစုဝင်များအား တရုတ်နိုင်ငံက ဖမ်းဆီးတရားစွဲဆိုမှုများ ဆောင်ရွက်လျက်ရှိသည်။ ဩဇာကြီးမားသော မြီမိသားစုဝင်အချို့ကို မကြာသေးမီက တရားရုံးတွင် အမှုစစ်ဆေးပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ ထိုလုပ်ငန်းများတွင် တရုတ်နိုင်ငံသား သောင်းချီအပါအဝင် နိုင်ငံခြားသား သိန်းနှင့်ချီကို မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် အတင်းအကြပ်ခိုင်းစေခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်လများအတွင်း ထိုင်းနှင့် တရုတ်အစိုးရတို့၏ ဖိအားပေးမှုကြောင့် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုနှင့် KK Park တို့တွင် အလုပ်လုပ်နေသော နိုင်ငံခြားသား (၇,၀၀၀) ကျော်ကို ကရင်နယ်ခြားစောင့် BGF တပ်နှင့် ဒီမိုကရေစီအကျိုးပြု DKBA တပ်များက ကယ်တင်ခဲ့သည်။ ထိုသူများအနက် နိုင်ငံခြားသားအချို့နှင့် တရုတ်နိုင်ငံသား ရာချီကို ထိုင်းနိုင်ငံမှတစ်ဆင့် ၎င်းတို့၏ နေရပ်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။
ယမန်နေ့ကြာသပတေးနေ့က တရုတ်နိုင်ငံသား (၄၅၆) ဦးနှင့် ထိုင်းနိုင်ငံသား (၂) ဦးကို မြန်မာဘက်မှ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် သီတင်းတစ်ပတ်အတွင်း နိုင်ငံခြားသား (၁,၅၀၀) ကို ထိုင်းနိုင်ငံမှတစ်ဆင့် ၎င်းတို့၏ နေရပ်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားကြောင်း ထိုင်းအစိုးရက ပြောကြားခဲ့သည်။