ထိုင်းနယ်စပ် ထီးခီးမှ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ လမ်းအူကြောင်းရှေ့ပြေးတိုင်းတာရေးဟု ယူဆရသော ဆာဗေးအဖွဲ့တစ်ဖွဲ့က ယခုရက်ပိုင်းတွင် လမ်းကြောင်းအခြေအနေ သွားရောက်လေ့လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။
၂၁ ဦးပါဝင်သော အဆိုပါ လမ်းအူကြောင်းရှေ့ပြေးတိုင်းတာရေးအဖွဲ့သည် မည်သည့်လုံခြုံရေးအစောင့်တပ်ဖွဲ့မှ ပါဝင်ခြင်းမရှိဘဲ လွန်ခဲ့သည့် ၂ ရက်ခန့်က ထီးခီးမှ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ဖိုးဝီးမော်တော်ကားအုပ်စုဖြင့် ချောမောစွာရောက်ရှိသွားခဲ့ကြောင်း ဒေသခံ နယ်စပ်စစ်ရေးစောင့်ကြည့်သူတစ်ဦးက ပြောသည်။
“အဲဒီထီးခီးလမ်း မေတ္တာလမ်းတကြောမှာ KNU, KTLA, PDF ရှိတယ်၊ စစ်တပ်တော့မရှိဘူး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ပတ်သက်ပြီး ရုရှားက လုပ်မယ်ဆိုတော့ ဘယ်အဖွဲ့ကမှ အနှောက်အယှက်ပေးခဲ့တာ မတွေ့ပါဘူး” ဟု ပြောသည်။
ထိုလမ်းကြောင်းတွင် KNU၊ KTLA၊ PDF တပ်ဖွဲ့များ ရှိသော်လည်း စစ်တပ်မရှိခြင်းနှင့် ရုရှားပူးပေါင်းမှုကို ဒေသအုပ်စုများက အနှောင့်အယှက်မပေးခြင်းကြောင့် အဖွဲ့၏ခရီးစဉ် အောင်မြင်ခဲ့သည်ဟု ဆိုသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ၂၀၀၈ ခုနှစ်က ထိုင်းကုမ္ပဏီအီတာလျံထိုင်းနှင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရပူးပေါင်းစီမံကိန်းအဖြစ် ပြောင်းလဲခဲ့သည်။
ယခုအခါ မြန်မာစစ်ကောင်စီက ရုရှားကို စီမံကိန်းတည်ဆောက်ရန် ရွေးချယ်လိုက်ပြီး တန်ချိန် ၁၀ သန်းခံနိုင်သည့် ဆိပ်ကမ်းနှင့် ရေနံစည်ပေါင်း တစ်သိန်းထုတ်လုပ်နိုင်မည့် စက်ရုံဖြင့် ဆွေးနွေးလျက်ရှိကြောင်း၊ စီမံကိန်းပြီးစီးပါက နှစ်စဉ် ကုန်စည်တန်ချိန် ၁၀၀ သန်းကျော် ကိုင်တွယ်နိုင်မည်ဖြစ်ပြီး ဥရောပ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းသို့ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖွင့်လှစ်နိုင်မည်။
အဆိုပါရေနက်ဆိပ်ကမ်းသည် ကပ္ပလီပင်လယ်ကမ်းရိုးတန်းတွင်တည်ရှိနေသလို မဟာမဲခေါင်ဒေသခွဲသို့ ဝင်ပေါက်ဖြစ်သည့် ဤစီမံကိန်းသည် ထိုင်းနှင့်အိန္ဒိယသမုဒ္ဒရာဒေသကို မလက္ကာရေလက်ကြားမလိုဘဲ ဆက်သွယ်နိုင်မည့် အရှေ့တောင်အာရှ၏ အဓိကဆိပ်ကမ်းတစ်ခု ဖြစ်လာမည်ဟု ခန့်မှန်းရသည်။
ရုရှားသည် မြန်မာစစ်တပ်သို့ စစ်လေ့ကျင့်ရေး၊ ဒရုန်းနည်းပညာ၊ နျူကလီးယားစွမ်းအင်သုံး အသေးစားဓာတ်ပေါင်းဖိုများ (SMRs) ထောက်ပံ့ရန် စီစဉ်နေသည်။ ထို့အပြင် ရန်ကုန်တွင် နျူကလီးယားနည်းပညာဗဟိုဌာန ဖွင့်လှစ်ထားပြီး စစ်ရေး-စီးပွားရေးပူးပေါင်းမှုများ နက်ရှိုင်းလာသည်။
