စစ်မှုထမ်းခြင်းမှ ရှောင်ပြေးလာသည့် အသက် ၁၉ နှစ်မှ ၃၁ နှစ်ကြား လူငယ် ၃၂ ဦးကို ထိုင်းနိုင်ငံတွင် ကန်ချနပူရီပြည်နယ်၌ ယမန်နေ့ ညပိုင်းအချိန်က ဖမ်းဆီးခံရသည်။
ထိုလူငယ်များသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်ပြီး ကန်ချနပူရီပြည်နယ်၊ ဆိုင်းယော့မြို့နယ် ဘန်တီးကျေးရွာအနီး တောင်တန်းနှင့် သစ်တောများအတွင်း၌ ပုန်းအောင်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ရန်ကုန်၊ မွန်၊ တနင်္သာရီ၊ ရခိုင်၊ ပဲခူးနှင့် မန္တလေးမြို့များမှ အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၇ ဦးတို့သည် ထိုင်းနိုင်ငံ၏ ပြည်နယ်အချို့တွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ခဲ့ကြောင်း၊ အများစုသည် စစ်မှုထမ်းခြင်းမှ ရှောင်ပြေးလာသူများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် လူကုန်ကူးသူများထံ လူတစ်ဦးလျှင် ဘတ်ငွေ ၃၀,၀၀၀ ပေးခဲ့ရကြောင်း ထိုင်းအာဏာပိုင်ထံ ထွက်ဆိုခဲ့သည်။
ထိုင်းအစိုးရ၏ နယ်စပ်လုံခြုံရေးမူဝါဒနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများအား ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ “တရားဝင်နိုင်ငံကူးလက်မှတ်မရှိဘဲ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူများ” အဖြစ် အမှုဖွင့်တင်သွင်းခဲ့သည်။
ကန်ချနပူရီပြည်နယ်သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ၃၇၁ ကီလိုမီတာ ထိစပ်နေပြီး နယ်စပ်ဖြတ်ကျော်ရန် သဘာဝဖြတ်သန်းလမ်းကြောင်း ၄၃ ခုရှိသည်။
ဤဖြစ်ရပ်သည် မကြာသေးမီကာလများအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အလုပ်သမားများ ဖမ်းဆီးခံရသည့် အမှုများထဲမှ တစ်ခုဖြစ်သည်။ အထူးသဖြင့် ကန်ချနပူရီပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်မှုထမ်းခြင်းမှ ရှောင်ပြေးလာသည့် လူငယ်များ မကြာခဏ ဖမ်းဆီးခံနေရသည်ကို တွေ့ရသည်။
Crd- CaoCao