နယ်စပ်ဒေသများတွင် ဖြစ်ပွားလျက်ရှိသော ကျားဖြန့်-တယ်လီကွန်း ဆက်သွယ်လိမ်လည်မှု (Telecom Fraud) နှင့် အခြားဒုစရိုက်မှုများတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံရသည့် တရုတ်နိုင်ငံသား ၄၅၆ ဦးအား မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဒုတိယအသုတ်အဖြစ် ယနေ့ မတ် ၆ ရက်က ဆက်လက်လွှဲပြောင်းပေးခဲ့သည်။
မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်ရှိ ကျားဖြန့်ခေါ်အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ဆက်စပ်၍ လူကုန်ကူးခံရသည်ဆိုသော တရုတ်နိုင်ငံသား ၁၀၀၀ ခန့်အား ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ပထမအသုတ်အဖြစ် ပြီးခဲ့သည်ဖေဖာ်ဝါရီလအတွင်းက လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။
မြဝတီ-မဲဆောက် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူသားချင်းစာနာမှုနှင့် နိုင်ငံတကာဥပဒေလုပ်ထုံးလုပ်နည်းများကို အခြေခံကာ ဤလွှဲပြောင်းမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူစုသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် KK Park စသည့် နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုနှင့် အခြားဒုစရိုက်လုပ်ငန်းများတွင် လာရောက်လုပ်ကိုင်သူများဖြစ်ကြောင်း ၎င်းတို့၏ ဝန်ခံချက်များအရ သိရသည်။
ထိုသူများအနက် အများစုသည် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် နယ်စပ်ဒေသများကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။
ဤလွှဲပြောင်းမှုလုပ်ငန်းစဉ်ကို ကရင်ပြည်နယ်အစိုးရ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်ခဲ့ပြီး၊ လွှဲပြောင်းပေးအပ်ပွဲသို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Liu Ning Ning နှင့် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ Ploen Klinpayom အပါအဝင် နိုင်ငံသုံးနိုင်ငံမှ အကြီးတန်းအရာရှိများ တက်ရောက်ခဲ့သည်။
လက်ရှိတွင် ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့လက်ထဲ၌ နိုင်ငံခြားသား ၇,၀၀၀ ဝန်းကျင်ကို ထိန်းသိမ်းထားပြီး နောက်ထပ် ၂၀,၀၀၀ ခန့်အား ဆက်လက်ဖမ်းဆီးရန်ရှိသည်ဟု BGF က ပြောသည်။