မြန်မာနယ်စပ် Call Center Scam ငွေလိမ်လည်မှုများတွင် နောက်ထပ် လူ ၂၀,၀၀၀ ခန့် ဆက်လက်ဖမ်းဆီးရန် ကရင်ပြည်နယ် BGF စီစဥ်နေကြောင်း ယမန်နေ့တွင် The Nation သတင်းစာက ဖော်ပြသည်။
လက်ရှိဖမ်းဆီးထားဆဲ Call Center အလုပ်သမား ၇,၀၀၀ အတွက် နေရာထိုင်ခင်းနှင့် နေ့စဉ် ကုန်ကျစရိတ် ထိုင်းဘတ် ၁.၆ သန်းကျော်ကို သူတို့အနေဖြင့် မတတ်နိုင်တော့ကြောင်း၊ ထို့အပြင် လူဦးရေအလွန်အမင်းစုပုံနေသည့် ထိန်းသိမ်းရေးစခန်းများတွင် စိတ်ဖိစီးမှုများ တိုးပွားနေပြီး အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်သည့် အခြေအနေရှိလာနိုင်ကြောင်း Nation TV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ကရင်ပြည်နယ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက သတိပေးပြောဆိုခဲ့သည်။
မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများမှ ကယ်ထုတ်လာခဲ့သူများကို သက်ဆိုင်ရာနိုင်ငံများအနေဖြင့် မိမိတို့၏နိုင်ငံသားများအား အမြန်လာရောက်ခေါ်ယူကြရန် မတ် ၁ ရက်နေ့ရက်စွဲဖြင့် ကရင်နယ်ခြားစောင့်တပ် BGF က ထုတ်ပြန်ခဲ့သည်။
ကရင်နယ်ခြားစောင့်တပ် BGF အနေဖြင့် ၎င်းတို့၏ ဆုံးဖြတ်ချက်အတိုင်း တိကျမြန်ဆန်သည့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပြီး မတရားသောလုပ်ငန်းများကိုဝင်ရောက်စီးနင်းကာ တရားခံများကိုဖမ်းဆီးခြင်း၊ လူကုန်ကူးခံရသူများအား အားသွန်ခွန်စိုက် ကယ်တင်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရဒေသအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံခြားသားများကို ဖမ်းဆီးထိန်းသိမ်းရာတွင် အခက်အခဲများကြားထဲမှ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လုံ ခြုံရေး စသည့် ကိစ္စရပ်များကို ကူညီစောင့်ရှောက်ပေးထားပြီး သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးနိုင်ရန် အသင့်ပြင်ဆင်စောင့်ဆိုင်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Nation TV သည် စောချစ်သူနှင့် တွေ့ဆုံမေးမြန်းခန်းအတွက် ၆ လကျော် အချိန်ယူစီစဉ်ခဲ့ရပြီး နောက်ဆုံးတွင် မဲဆောက်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ မြဝတီမြို့မှ ကားဖြင့် တစ်နာရီခန့် မောင်းနှင်ရသည့် BGF ထိန်းချုပ်ထားသော ရွှေကုက္ကိုမြို့သို့ သွားရောက်ခွင့် ရရှိခဲ့သည်ဟု သတင်းက ဖော်ပြသည်။
တဖက်မှာလည်း ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က BGF ခေါင်းဆောင် စောချစ်သူ နှင့် အပေါင်းအပါ ၂ ဦးအား လုံလောက်သောအထောက်အထားများ ရရှိထားသည်ဟုဆိုကာ ဖမ်းဝရမ်ထုတ်ရန် စီစဥ်လျက်ရှိသည်။
Photo-The Nation.


