ပေါင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို နှင့် ထွေထွေအုပ်ချုပ်ရေးဌာန ဒုဦးစီးမှူး ဦးကျော်မျိုး တို့အပါအဝင် လုပ်ငန်းရှင်များအား PDF နှင့်ဆက်စက်မှုစွပ်စွဲကာ စစ်ကောင်စီက ဖ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖမ်းဆီးခဲ့ပြီးနောက် ဦးကျော်မျိုးကို မတ် ၁ ရက်တွင် လည်းကောင်း၊ ဦးမြတ်ကိုကိုကို မတ် ၂ ရက်တွင် လည်းကောင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း မိသားစုများထံမှ သိရသည်။
သို့သော် အခြားဖမ်းဆီးခံထားရသည့် လုပ်ငန်းရှင် ကိုဇာနည်၊ ကိုမိုးငယ်၊ ဦးဇော်ဝင်းမြင့်၊ ဒေါ်ကျော့ကျော့စံ တို့မှာ ယခုထိ စစ်ကောင်စီ၏ စစ်ကြောရေးစခန်းတွင် ချုပ်နှောင်ခံနေရဆဲဖြစ်သည်။
ထို့အပြင် မတ် ၂ ရက်တွင် ပေါင်မြို့နေ ဦးစိန်လွင် (၄၅ နှစ်) အား စစ်ကောင်စီက ထပ်မံဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ယခုလတ်တလောတွင် ပေါင်မြို့နယ်အတွင်း PDF နှင့်ဆက်စက်သည်ဟု စွပ်စွဲခံရသူများအား ဖေဖော်ဝါရီ ၃ ရက်နှင့် ၂၁ ရက်တို့က ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျူရှင်ဆရာ ဦးရဲထွန်းနိုင် အပါအဝင် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များနှင့်အတူ၊ PDF ဘက်မှလည်း စစ်ကောင်စီနှင့်ပူးပေါင်းသည်ဟု ယူဆရသော ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

