မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အစောပိုင်းက စတင်အာဏာသိမ်းခဲ့သော စစ်ကောင်စီသည် “စစ်မှုထမ်းဥပဒေ”ကို ပြန်လည်အသက်သွင်းကာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အောက် လူငယ်များအား စစ်မှုထမ်းခိုင်းရန် အတင်းအကျပ် လုပ်ဆောင်လျက်ရှိသည်။
ဤဥပဒေသည် လူငယ်များ၏ လွတ်လပ်သော ဘဝ၊ ပညာရေး၊ အလုပ်အကိုင်နှင့် နိုင်ငံခြားသို့ ထွက်ခွာခွင့်များကို ပိတ်ပင်လိုက်သကဲ့သို့ ဖြစ်နေသည်။
ထို့အပြင်၊ နိုင်ငံတဝှမ်းတွင် တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ စစ်တပ်အင်အား ဆုတ်ယုတ်လာပြီး လူငယ်များကို “စစ်သားအစားထိုး” အဖြစ် အတင်းဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုဆိုးရွားလာသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သော ပွင့်လင်းမြင်သာမှုဆိုင်ရာနိုင်ငံတကာအဖွဲ့ (Transparency international) ၏ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အစိုးရများ၏ ပြည်သူ့ရေးရာကဏ္ဍမှာ အကျင့်ပျက်ခြစားမှု နှုန်းတွေကို တိုင်းတာခဲ့ကြရာတွင် ပွင့်လင်းမြင်သာမှု မရှိဆုံး အောက်ဆုံး (၃) နိုင်ငံ၌ မြန်မာနိုင်ငံ ပါဝင်နေပြန်သည်။
စစ်မှုထမ်းဥပဒေ၏ သွေးစုပ်မှုနှင့် အကျင့်ပျက်ခြစားမှု
စစ်ကောင်စီအုပ်စုသည် ဥပဒေကို အကြောင်းပြု၍ လူငယ်များကို စနစ်တကျ ဖိစီးနေသည်။
- ငွေညှစ်ခံရသူများ : ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စစ်တပ်နှင့် ရဲများသည် လူငယ်များအား “စစ်မှုထမ်းရန်” စာရင်းသွင်းရာတွင် လာဘ်ပေးပါက လွတ်ခွင့်ရမည်ဟု ခြိမ်းခြောက်ကာ ငွေများကို ညှစ်ယူနေသည်။ လူငယ်တစ်ဦးချင်းစီမှ သိန်းနှင့်ချီသော ငွေများ ပေးဆောင်ရသည့် အဖြစ်များ မကြာခဏဖြစ်ပွားနေသည်။
- #လူကုန်ကူးမှု : အချို့ဒေသများတွင် လူပွဲစားများက လူငယ်များကို ထိုင်းနယ်စပ်သို့ တရားမဝင် လူကုန်ကူးခြင်းဖြင့် အမြတ်ထုတ်နေသည်။ ထိုင်းသို့ လမ်းခုလတ်တွင် ဖမ်းဆီးခံရပြီး ငွေထပ်မံတောင်းခံခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းများ ရှိသည်။
လူငယ်များ၏ ရွေးချယ်စရာ လမ်းကြောင်းနှစ်သွယ်
၁။ လူငယ်များအနေဖြင့် စစ်မြေပြင်သို့သွားလျင် သေရမည်- စစ်မှုထမ်းရန် ဖမ်းဆီးခံရသူများသည် ပြင်းထန်သော စစ်ဆင်ရေးများတွင် အသက်ဆုံးရှုံးရခြင်း သို့မဟုတ် ထာဝရဒဏ်ရာရခြင်းများ ကြုံနေရသည်။
၂။ #ထိုင်းနယ်စပ်သို့ထွက်ပြေးလျင် အဖမ်းခံရမည်- လူငယ်အများအပြားသည် မိသားစုများနှင့် ကင်းကွာပြီး ထိုင်းသို့ တရားမဝင် ထွက်ပြေးကြသည်။ သို့သော် ထိုင်းလုံခြုံရေးနှင့် လူကုန်ကူးသူများ၏ ခြိမ်းခြောက်မှုကို နေ့စဉ်ရင်ဆိုင်နေရသည်။
ပျောက်ဆုံးနေသော မျိုးဆက်သစ်များ
စစ်မှုထမ်းဥပဒေနှင့် အကျင့်ပျက်ခြစားမှုတို့ကြောင့် လူငယ်များ၏ အနာဂတ်သည် အမှောင်ရိပ်ထဲသို့ ရောက်ရှိနေသည်။
- ပညာသင်ယူခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ စွန့်စားခန်းများဖြင့် ဘဝတည်ဆောက်ခွင့်များ ဆုံးရှုံးနေသည်။
- မိသားစုများသည် သားသမီးများကို စစ်တပ်လက်ထဲမှ ကယ်တင်ရန် အိမ်ခြံမြေများ ရောင်းချပြီး ငွေများပေးဆောင်နေရသည်။
- ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသော လူငယ်များမှာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့နေရပြီး မည်သူ့ကိုမှ အားကိုးစရာမရှိ။
အဆုံးသတ်အနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနှင့် ယှဉ်တွဲနေသော အကျင့်ပျက်ခြစားမှုများသည် မြန်မာလူငယ်များ၏ အနာဂတ်ကို အမှောင်ထဲသို့ တွန်းပို့နေသည်။ ဤအခြေအနေကို ပြောင်းလဲရန် အပြည်ပြည်ဆိုင်ရာ ဖိအားပေးမှုများ၊ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုနှင့် လူငယ်များ စုစည်းအသံထုတ်လုပ်မှုတို့ အထူးလိုအပ်နေပါကြောင်း။