စစ်မှုထမ်းရန် ရှောင်ပြေး၍ မလေးရှားသွားမည့် တနင်္သာရီတိုင်းမှ လူငယ် ၃၀ နီးပါးခန့် ထိုင်းနိုင်ငံ၊ ကန်ချနပူရီသို့ တရားမဝင် ဝင်ရောက်လာစဉ် ယမန်နေ့က ဖမ်းဆီးခံရသည်။
ဖမ်းဆီးခံရသူများက မြန်မာနိုင်ငံတွင် စစ်မှုထမ်းခြင်းမှ ရှောင်ပြေးခဲ့ကြပြီး သဘာဝဖြတ်သန်းလမ်းကြောင်းများမှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ လျှို့ဝှက်ဝင်ရောက်လာပြီး မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် စီစဉ်နေကြောင်း ဝန်ခံခဲ့သည်။
ထိုင်းစစ်တပ်၏ ဆူရစီအထူးတပ်ဖွဲ့က ကန်ချနဘူရီခရိုင်၊ ဘွန်တီမြို့နယ်၊ ဟွိုင်မွန်းလမ်းကြောင်းအနီးရှိ စခန်းတစ်ခုတွင် လူစုလူဝေးဖြင့် ပုန်းအောင်းနေသည့် ထိုလူငယ်များအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
အလားတူ ကန်ချနပူရီပြည်နယ်၊ စံခလပူရီမြို့အနီး၌ ထိုင်းစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက မြန်မာနိုင်ငံမှ စစ်မှုထမ်းရန် ထွက်ပြေးလာသည့် လူငယ် ၉ ဦးကို ယမန်နေ့က ဖမ်းဆီးခဲ့သည်။
ထိုင်းအစိုးရ၏ နယ်စပ်လုံခြုံရေး မူဝါဒများအရ စစ်တပ်နှင့် အစိုးရဌာနဆိုင်ရာများက ပူးပေါင်းကာ ဤကဲ့သို့ တရားမဝင်ထွက်ပြေးမှုများအား စိစစ်နှိမ်နင်းလျက်ရှိသည်။