မွန်ပြည်နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၁ အတွက် စစ်ကောင်စီ၏ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက လူသစ်စုဆောင်းမှုများ စတင်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။
ရပ်ကွက်အလိုက် အစည်းအဝေးများ ခေါ်ယူခြင်း၊ လူအစားထိုးရန် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်လျက်ရှိရာ ငွေကြေးမပေးဆောင်လိုသူများအနေဖြင့် အသက်အရွယ်အတွင်း အကျုံးဝင်ပါက စစ်မှုထမ်းသင်တန်းတက်ရန် မဖြစ်မနေ မဲနှိုက်ရမည်ဖြစ်ပြီး၊ မဲမနှိုက်လိုသူများကို ဆင့်ခေါ်စာဖြင့် ဖမ်းဆီးခေါ်ဆောင်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်။
မော်လမြိုင်ဒေသခံတစ်ဦးက စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၁ အတွက် ရပ်ကွက်အလိုက် အစည်းအဝေးများ ခေါ်ယူကာ လူပေးရန် သို့မဟုတ် ငွေကြေးပေးဆောင်ရန် တစ်အိမ်လျှင် အနည်းဆုံး တစ်သောင်းမှ သုံးသောင်း၊ ငါးသောင်းအထိ ကောက်ခံနေသည်ဟု ဆိုသည်။
လက်ရှိတွင် စစ်မှုထမ်းသင်တန်းအတွက် လူစားထိုး အငှားခေါ်ယူရန် အကြောင်းပြချက်ဖြင့် ငွေကြေးတောင်းခံခြင်းအပြင်၊ ညဘက်တွင် အပြင်ထွက်သည့် လူငယ်များကို ဖမ်းဆီးကာ စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်နေသည်ဟု သိရသည်။
စစ်ကောင်စီ၏ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းခေါ်ယူရန် မြို့ပေါ်ရပ်ကွက်များအထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာပြီး၊ ဆင့်ခေါ်စာဖြင့် နေအိမ်များအထိ ဖမ်းဆီးမှုများ ရှိလာသည်။
နိုင်ငံအနှံ့ တိုက်ပွဲများတွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ တစ်နှစ်အတွင်း စစ်မှုထမ်းအပတ်စဉ် ၁၀ အထိ သင်တန်းများ ဖွင့်လှစ်ခဲ့ပြီး မွန်ပြည်နယ်တွင် အပတ်စဉ် ၁ မှ ၁၀ အထိ စစ်သားစုဆောင်းခံရသူ စုစုပေါင်း ၁,၉၀၀ ခန့် ရှိလာခဲ့သည်။
SEO Keywords