နိုင်ငံခြားသားများက ထိုင်းနိုင်ငံသားများအား အမည်ခံအဖြစ်အသုံးပြုကာ အိမ်ခြံမြေ၊ ကွန်ဒိုမီနီယံနှင့် လုပ်ငန်းများကို တရားမဝင်စုပေါင်းဝယ်ယူနေမှုများကြောင့် ထိုင်းအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့က စိုးရိမ်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် စနစ်တကျစုံစမ်းစစ်ဆေးသွားမည်ဟု သိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာမှ ၂၀၂၅ ဇန်နဝါရီအတွင်း ကုန်သွယ်ရေးဝန်ကြီးဌာနက တရားမဝင်လုပ်ကိုင်နေသည့် လုပ်ငန်း ၈၂၀ ကို အရေးယူခဲ့ပြီး၊ ထိုင်းနိုင်ငံအတွက် ဘတ်ငွေ ၁၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄၀ သန်း) အထိ ဆုံးရှုံးမှုရှိကြောင်း ခန့်မှန်းထားသည်။
ဆက်လက်၍ ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေ၊ ဟိုတယ်နှင့် လော့ဂျစ်စတစ်ကဏ္ဍတွင် သံသယရှိသူ ၂၇,၀၀၀ ဦးကို စုံစမ်းမည်ဟု ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသားများက ဖူးခက် (Phuket) နှင့် ကော့စမွေ (Koh Samui) ကဲ့သို့သော တောင်ပိုင်းခရီးသွား ဧည့်သည်အများဆုံးဒေသများတွင် ဇိမ်ခံအိမ်ခြံမြေများကို အဓိကဝယ်ယူနေကြသလို မြန်မာနှင့် တရုတ်နိုင်ငံသားများ စားသောက်ဆိုင်နှင့် ခရီးသွားလုပ်ငန်းများတွင် ထိုင်းနိုင်ငံသားများနှင့် လက်ထပ်ကာ လုပ်ငန်းပိုင်ဆိုင်မှုများ ပြုလုပ်နေကြောင်း စုံစမ်းမှုများက ဖော်ထုတ်ခဲ့သည်။
ဟိုတယ်လုပ်ငန်းကိုယ်စားလှယ်များက နိုင်ငံခြားသားများသည် နေအိမ်များကို တရားမဝင်ဟိုတယ်များအဖြစ် ပြောင်းလဲအသုံးပြုနေမှုကို သတိပေးခဲ့သည်။ ထိုင်းဟိုတယ်အသင်းဥက္ကဋ္ဌ ထိန်ပရာစစ်ချိုင်းပါထရနွန် က “နိုင်ငံခြားသားတစ်ဦးအနေဖြင့် မည်မျှထိဝယ်ယူနိုင်သည်ကို အစိုးရက ကန့်သတ်သင့်သည်” ဟု ထောက်ပြခဲ့သည်။
ထိုင်းကွန်ဒိုမီနီယံအသင်းဥက္ကဋ္ဌ ပရဆက်တေဒူလာယာစတစ် က “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် တည်ငြိမ်သောစနစ်နှင့် ပြုပြင်ထားသည့် အိမ်ခြံမြေဥပဒေများ လိုအပ်သည်” ဟု ပြောကြားခဲ့သည်။
ထိုင်းအစိုးရသည် နိုင်ငံခြားသားများ၏ တရားမဝင်လုပ်ရပ်များကို ထိရောက်စွာထိန်းချုပ်ရန် လက်ရှိစည်းမျဉ်းများကို ပိုမိုတင်းကျပ်မည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးစားပေးသော မူဝါဒသစ်များ ချမှတ်သွားမည်ဟု ကြေညာထားသည်။