ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် ဂျပန်နိုင်ငံသားများကိုသာမက ဂျပန်စာတတ်ကျွမ်းသည့် မြန်မာနိုင်ငံသားများကိုပါ အသုံးချရန် ရည်ရွယ်လာနိုင်ကြောင်း ရန်ကုန်မြို့ရှိ ဂျပန်သံရုံးက ယမန်နေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။
လတ်တလောကာလအတွင်း ဂျပန်နိုင်ငံတွင် အွန်လိုင်းဂိမ်း၊ လူမှုကွန်ရက်စသည့် ပလက်ဖောင်းများမှတစ်ဆင့် သိကျွမ်းလာသူများကို ထိုင်း၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများသို့ အလုပ်အကိုင်အခွင့်အလမ်းဟုဆိုကာ ဆွဲဆောင်ပြီး၊ နောက်ဆုံးတွင် မြန်မာနိုင်ငံ မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းစခန်းများသို့ ခေါ်ဆောင်လာကာ အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်စေခြင်းခံရသည့် ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင်၊ ဂျပန်လူမျိုးများကို ပစ်မှတ်ထားလှည့်ဖြားနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ဂျပန်စာတတ်ကျွမ်းသည့် မြန်မာနိုင်ငံသားများကိုပါ အသုံးချရန် ရည်ရွယ်လာနိုင်ကြောင်း သတိပေးထားသည်။
အွန်လိုင်းဂိမ်းများ၊ လူမှုကွန်ရက်များမှတစ်ဆင့် သိကျွမ်းလာသူများကို ဂျပန်ဘာသာစကားအသုံးပြုရမည့် အလုပ်အကိုင်အခွင့်အလမ်းများဟု ဆွဲဆောင်ပါက စူးစမ်းဆင်ခြင်မဲ့ယုံကြည်ခြင်းမျိုး မပြုလုပ်ရန်၊ မိသားစုနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရန် ဂျပန်သံရုံးက ထုတ်ပြန်ထားသည်။
အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပါဝင်သူများသည် ပြစ်မှုမြောက်သည့် လုပ်ငန်းများကို အတင်းအကျပ် လုပ်ကိုင်စေခံရပြီး၊ သတ်မှတ်ခွဲတမ်းမပြည့်မီပါက ညှဉ်းပန်းနှိပ်စက်ခြင်းများ ခံရနိုင်ကြောင်း ဂျပန်သံရုံးက သတိပေးထားသည်။
လတ်တလောတွင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) – BGF မှ ထိန်းချုပ်ထားသည့် ဒေသများတွင် ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် လူကုန်ကူးမှုများ ဆက်စပ်လျက်ရှိကြောင်း သိရသည်။ ထိုလုပ်ငန်းများကို ထိန်းချုပ်နိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။