ဘုရားသုံးဆူဒေသမှ ပါဆယ်ထုပ်များဖြင့် အခွန်လွတ်စီးကရက်များ သယ်ဆောင်လာသော တိုယိုတာကားတစ်စီးအား စစ်ဆေးရာမှ စီးကရက် ၁,၂၄၀ ဗူးကို ယမန်နေ့က ဖမ်းမိခဲ့သည်။
ကန်ချနပူရီပြည်နယ် ဘုရားသုံးဆူမှ စံခလပူရီမြို့အကြား နန်းပကိတ်အဖွဲ့စုံစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းစဥ် စီးကရက်များကို အညိုရောင်ပါဆယ်ဘူး ၆ ဘူးအတွင်း သေချာပိတ်ပြီး ဝှက်ထားသည်ကို တပ်ဖွဲ့ဝင်များက သတိထားမိကာ ဖော်ထုတ်နိုင်ခဲ့သည်။
ကားမောင်းသူ ထိုင်းနိုင်ငံသားက “ဒေသခံပါဆယ်ကုမ္ပဏီတစ်ခုမှ ကုန်ပစ္စည်းများကို စူရတ်ဌာနီနှင့် နဂစီရာတ်ပြည်နယ်သို့ ပို့ဆောင်ရန် တာဝန်ယူထားကြောင်း၊ ပါဆယ်ထုပ်များအတွင်းမှာ စီးကရက်ပါမှန်း မသိခဲ့” ဟု ထွက်ဆိုခဲ့သည်။
ပါဆယ်ထုပ်များပေါ်တွင် “လက်မခံလျှင် ချန်ထားခဲ့ပါ” ဟူသော စာတမ်းကို စစ်တပ်က သံသယဖြစ်ပြီး စစ်ဆေးရာမှ Texax 5 အမှတ်တံဆိပ်ပါ စီးကရက်များကို ဖော်ထုတ်ရရှိခဲ့ပြီး ယင်းအမှုကို ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းကာ ၄င်းကွန်ရက်များကို ဆက်လက်စုံစမ်းနေသည်ဟု သိရသည်။
နိုင်ငံတကာမှ ကုန်ပစ္စည်းများအား ထိုင်းနိုင်ငံသို့ Transit ဖြတ်သန်း၍ မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့၌ နိုင်ငံခြားစီးကရက်နှင့် အရက်များကို စျေးနှုန်းချိုသာစွာဖြင့် အခွန်လွတ် Duty Free ဝယ်ယူနိုင်ကြောင်း သိရသည်။
Photo-CaoCao