ရေးမြို့နယ် ခေါဇာမြို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ပုဂ္ဂလိကမှ ဖြန့်ဝေနေသည့် လျှပ်စစ်မီးပေးစနစ်ကြောင့် ဒေသခံများ နစ်နာမှုများရှိနေကြောင်း သိရသည်။
ငွေစမ်းလာကုမ္ပဏီမှ ဒီဇယ်မီးစက်များဖြင့် လျှပ်စစ်မီးပေးနေသော်လည်း စာချုပ်ပါ သတ်မှတ်ချက်များအတိုင်း မီးပေးခြင်းမရှိဘဲ မီတာခဈေးနှုန်းများလည်း မြင့်မားနေသည့်အတွက် ဒေသခံများ မကျေနပ်မှုများ ဖြစ်ပေါ်နေသည်။
စာချုပ်အရ တစ်ရက်လျှင် နံနက် (၄) နာရီမှ (၆) နာရီအထိ တစ်ကြိမ်၊ ည (၆) နာရီမှ (၁၀) နာရီအထိ တစ်ကြိမ် လျှပ်စစ်မီးပေးရမည်ဟု သတ်မှတ်ထားသော်လည်း လက်တွေ့တွင် မနက်ပိုင်းမီးပေးခြင်းမရှိဘဲ ညပိုင်းတွင်လည်း ညနေ (၆) နာရီမှ ည (၈) နာရီအထိသာ မီးပေးလျက်ရှိသည်။
ထို့အပြင် လျှပ်စစ်မီး (၅) ရက်ဆက်တိုက် မပေးဘဲ ဖြတ်ထားသည့်အခြေအနေများလည်း ရှိနေသည်။
မီတာခဈေးနှုန်းမှာလည်း တစ်ယူနစ်လျှင် (၃၄၀၀) ကျပ်ပေးဆောင်ရပြီး ရေးမြို့တွင် (၂၇၀၀) ကျပ်သာရှိသည့်အတွက် ဒေသခံများ မကျေနပ်မှုများ ရှိနေသည်။
ထို့အပြင် လျှပ်စစ်မီးသုံးစွဲသူများအနေဖြင့် တစ်လလျှင် အနည်းဆုံး (၅) ယူနစ်သုံးရန်လိုအပ်ပြီး (၅) ယူနစ်မပြည့်ပါက (၅) ယူနစ်စာ မီတာခပေးဆောင်ရသည့်အတွက် ဒေသခံများ နစ်နာမှုများ ဖြစ်ပေါ်နေသည်။
ထိုအခြေအနေနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် ခေါဇာမြို့အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ကာ ညှိနှိုင်းဆောင်ရွက်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေသခံများက ငွေစမ်းလာကုမ္ပဏီအနေဖြင့် စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်အတိုင်း တစ်ရက်ကို (၆) နာရီလျှပ်စစ်မီးပေးရန်နှင့် မီတာခဈေးနှုန်းလျော့ချပေးရန် တင်ပြတောင်းဆိုထားကြောင်း သိရသည်။


