ပေါင်မြို့နယ် ညောင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးသေဆုံးကာ ဇနီးဖြစ်သူ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက် (၆) နာရီ (၂၀) မိနစ်အချိန်ခန့်က ညောင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်စိုး နှင့် ဇနီးဖြစ်သူ ဒေါ်မိငယ် တို့ နှစ်ဦးမှာ ၎င်းတို့နေအိမ်တွင်ရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူသုံးဦး ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“အဲ့ဒီလူသုံးရောက်က အုပ်ချုပ်ရေးမှူးအိမ်မှာ စာရွက်စာတမ်းတွေပြပြီးတော့ ထောက်ခံစာလုပ်ဟန်ဆောင်ပြီးတော့ အုပ်ချုပ်ရေးမှူးတို့က တံခါးဖွင့်ပေးတဲ့အချိန်မှာ သေနတ်နဲ့ပစ်ခတ်သွားတာပါ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဦးမြင့်စိုးတွင် ရင်ညွန့်တည့်တည့်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင်သေဆုံးခဲ့ကြောင်းနှင့် ဇနီးဖြစ်သူ ဒေါ်မိငယ်မှာ ဝမ်းဗိုက်မှာကျည်ထိမှန်ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်လက်မောင်းမှာကျည်ထိမှန်ဒဏ်ရာတစ်ချက်ရသွားကာ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း ၎င်းဒေသခံက ဆိုသည်။
ညောင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့အား သေနတ်ဖြင့်လာရောက်ပစ်ခတ်သူများမှာ အချင်းချင်း ကရင်ဘာသာစာကားပြောဆိုကြပြီး နှစ်ဦးမှာ ကရင်အဆင်လုံချည်ဝတ်ဆင်ထားကာ၊ တစ်ဦးမှာ ဘောင်းဘီအတို အမဲရောင်ဝတ်ဆင်ထားကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့မှာ ညောင်ကုန်းကြီးကျေးရွာမူလတန်းကျောင်းဘက်သို့ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားကြောင်း နှင့် အုပ်ချုပ်ရေးမှူးဦးမြင့်စိုး ဝတ်ဆင်ထားသည့် ငါးမူးသားခန့်ရှိ ရွှေလက်စွပ်ကိုလည်း ချွတ်ယူသွားကြကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ် ကွင်းရှည်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသက်ပိုင်စိုး မှာလည်း သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။
Photo Credit – Paung Daily