မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ထိန်းသိမ်းခံထားရသည့် နိုင်ငံခြားသား ခုနစ်ထောင်နီးပါးကို အမြန်ဆုံးပြန်ခေါ်ရန် သက်ဆိုင်ရာနိုင်ငံအစိုးရများအား ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) က တိုက်တွန်းလိုက်သည်။
သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ အစိုးရများအနေဖြင့် ထိုလူများကို ပြန်လည်ခေါ်ယူရန် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာနိုင်ငံမှ ပြန်လည်လက်ခံရန် အာမခံချက်မရှိသူများကို ထိုင်းနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုမည် မဟုတ်ဟုလည်း ဆိုသည်။
ထိန်းသိမ်းရန် ခက်ခဲသည့် အခြေအနေများ မဖြစ်ပေါ်မီ အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်ပြီး သက်ဆိုင်ရာအစိုးရများနှင့် အမြန်ဆုံးဆက်သွယ်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအား ညွှန်ကြားထားကြောင်း The Nation သတင်းတွင် ယမန်နေ့က ဖော်ပြခဲ့သည်။
မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက်စီးနင်း ထိန်းသိမ်းထားသည့် နိုင်ငံခြားသား ၆,၅၀၀ ခန့်ရှိပြီး၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ကလည်း ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံခြားသား ၄၀၁ ဦးကို ထိန်းသိမ်းထားသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ထိုင်းကာကွယ်ရေးဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုအဖွဲ့များအနေဖြင့် နိုင်ငံခြားသားများကို ထိန်းသိမ်းစောင့်ရှောက်ရန် အခက်အခဲရှိလာနိုင်သည့်အတွက် အားလုံးကို တစ်ပြိုင်တည်း လွှတ်ပေးလိုက်မည့် အခြေအနေသို့ ရောက်ရှိလာနိုင်သည်ဟု ကာကွယ်ရေးဝန်ကြီးက သတိပေးခဲ့သည်။
ထိုသို့သော အခြေအနေတွင် နိုင်ငံခြားသားများ ထိုင်းနိုင်ငံအတွင်းသို့ လမ်းကြောင်းအမျိုးမျိုးမှ ဝင်ရောက်လာနိုင်သည့်အတွက် လုံခြုံရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ဟု ကာကွယ်ရေးဝန်ကြီးက ထောက်ပြခဲ့သည်။
တရုတ်အစိုးရကမူ ငွေလိမ်ဂိုဏ်းများမှ ကယ်တင်ထားသည့် တရုတ်နိုင်ငံသား ၆၀၀ ကျော်ကို နေရပ်ပြန်ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
မကြာမီကာလအတွင်း မြန်မာ၊ ထိုင်းနှင့် တရုတ်သုံးနိုင်ငံ ဆွေးနွေးပွဲကျင်းပရန် ရှိနေပြီး ကျန်ရှိနေသေးသည့် တရုတ်နိုင်ငံသားများကို ခေါ်ယူရေး ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့သည်။
Ref; The Nation.