ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)က ထပ်မံတိုက်တွန်းခဲ့သည်။
RCSS ၏ ဗဟိုဌာနချုပ်ရှိရာ လွယ်တိုင်းလျဲန်းတွင် ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်က နှစ် နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပခဲ့ပြီး ယင်းအချက်ကို ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အစည်းအဝေးသို့ အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (CEC) များ၊ ဗဟိုဦးစီးကော်မတီဝင် (CLC) များ၊ ဗဟိုကော်မတီဝင် (CC) များ၊ ဒေသန္တရအုပ်ချုပ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း ၃၁၈ ဦး တက်ရောက်ခဲ့ကြောင်း RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အစည်းအဝေးတွင် ဌာနအသီးသီးက တင်ပြသည့် တစ်နှစ်တာ လုပ်ငန်းအစီရင်ခံစာများ၏ အားသာချက်၊ အားနည်းချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအခြေအနေများနှင့် အခြားလုပ်ငန်းအခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့်သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။
RCSS က နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး လေးနှစ်တာ ကာလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပြည်သူလူထုတို့ အတိဒုက္ခရောက်ရခြင်း၊ သဘာဝဘေးကြောင့် ပြည်သူလူထုတို့ အခက်အခဲများ ကြုံတွေ့နေရခြင်းတို့အတွက် တတ်နိုင်သမျှ ကူညီပံ့ပိုးပေးခဲ့ကြောင်း ဆိုသည်။
RCSS သည် ကျေးလက်ဒေသနှင့် မြို့နယ်အတွင်းရှိ ဒေသခံလူထုတို့နှင့် လက်တွဲပူးပေါင်းပြီး ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ကြိုးပမ်းဖြေရှင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
