ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၃ ရက်အတွင်း တရားမဝင် နိုင်ငံခြားသား ၂,၂၀၀ ဦးအား စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး ၆၇၃ ဦးကို ထိုင်းမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။
ကျန်လူ ၁,၅၀၀ ကျော်အား နိုင်ငံအလိုက် စိစစ်လွှဲပြောင်းရန် ယာယီထိန်းသိမ်းထားကြောင်း၊ ဤလုပ်ငန်းစဉ်သည် တရုတ်နှင့် ထိုင်းအစိုးရတို့က နယ်စပ်ဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေး ဖိအားပေးမှုနှင့်တိုက်ရိုက်ဆက်စပ်နေကြောင်း စစ်ကောင်စီက ဖော်ပြခဲ့သည်။
မြဝတီနယ်စပ်တွင် လှုပ်ရှားနေသည့် ကျားဖြန့်လုပ်ငန်းများကို KNU ထိန်းချုပ်သည့် KK Park နှင့် BGF အုပ်ချုပ်သော ရွှေကုက္ကိုလ်မြို့သစ်ဒေသများတွင် စခန်းချလျက်ရှိသည်ဟု စွပ်စွဲထားပြီး ထိုင်းဘက်မှ လျှပ်စစ်နှင့် လောင်စာဆီထောက်ပံ့မှုများကို အကြောင်းပြ၍ ပြဿနာအရင်းခံအဖြစ် စစ်ကောင်စီဘက်မှ ညွှန်းဆိုခဲ့သည်။
တရုတ်နှင့် ထိုင်းတို့၏ ဖိအားများမြင့်တက်လာချိန်တွင် BGF အုပ်စုက ရွှေကုက္ကိုလ်မြို့သစ်ရှိ တရုတ်နိုင်ငံသားများ လုပ်ကိုင်သည့် ကျားဖြန့်လုပ်ငန်းရုံများနှင့် နေအိမ်များကို စီးနင်းစစ်ဆေးကာ ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့သည်ဟု သတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုခဲ့သည်။
နောက်ဆက်တွဲအနေဖြင့် ထိုင်းအစိုးရက မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်မီးနှင့် လောင်စာဆီပေးဝေမှုကို ယာယီဖြတ်တောက်လိုက်ခြင်းဖြင့် ကျားဖြန့်လုပ်ငန်းများ အဟန့်အတားဖြစ်စေရန် ထပ်မံအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းများက ဖော်ပြထားသည်။