မော်လမြိုင်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး၏ KBZ Mobile Banking Account မှ ငွေကျပ် (၄၁၃) သိန်း လိမ်လည်ထုတ်ယူသွားမှုဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်က မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်၊ ဝန်ကြီးများ အိမ်ယာနေ ဒေါ်………. မှာ Facebook အသုံးပြုနေစဉ် Sany အမည်ရှိသော Facebook User Account မှ Massager မှတဆင့် ၎င်းသည် ဒေါ်………. နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ကျောင်းအတူတက်ရောက်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူဟောင်းများ Address Book ပြုလုပ်ရန်အတွက်ဟုဆိုကာ အမည်၊ နေရပ်လိပ်စာ နှင့် ဖုန်းနံပါတ်များ တောင်းခံလာသဖြင့် ဒေါ်……….မှ ၎င်း၏အမည် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်လိပ်စာ နှင့် ၎င်းအသုံးပြုသည့် MPT ဆင်းကဒ်နံပါတ်တို့အား ပြောပြမိခဲ့ကြောင်း သိရသည်။
ထို့အနောက် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့တွင် ဒေါ်……… ကိုင်ဆောင်အသုံးပြုသော MPT ဆင်းကဒ်နံပါတ်သို့ KBZ Mobile Banking OPT Code များ (၄) ကြိမ်တိုင်တိုင် Massage ဝင်လာသဖြင့် KBZ Mobile Banking Account အား စစ်ဆေးကြည့်ရာ THIHA အမည်ရှိ ငွေစာရင်းမှ ဒေါ်……. ၏ ငွေစာရင်းထံမှ ငွေကျပ်သိန်း (၄၀) အား (၁) ကြိမ်၊ ငွေကျပ်သိန်း (၁၀၀) အား (၁) ကြိမ်၊ ငွေကျပ် (၁၄၃) သိန်း အား (၁) ကြိမ်၊ ငွေကျပ် (၁၃၀) ကျပ်အား (၁) ကြိမ် ဒေါ်……… မှ ၎င်းကိုယ်တိုင်လွှဲပြေင်းခြင်းမရှိဘဲ ထုတ်ယူသွားခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ထိုဖြစ်စဉ်နှင့် နစ်နာသူ ဒေါ်………. က ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့တွင် ဇေယျာသီရိနယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း နှင့် ထိုရဲစခန်းမှ (ပ) ၉/၂၀၂၅၊ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆ (ဂ) ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။