ထိုင်း – မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံဘက်မှ ဆင်းကဒ်ဖြင့် အသုံးပြုရသည့် အင်တာနက်လိုင်းတစ်ခုဖြစ်သော AIS 1 – 2 – Call အင်တာနက်လိုင်းအား ယမန်နေ့ ဖေဖေါ်ဝါရီလ (၂၁) မှစတင်ကာဖြတ်တောက်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။
ထို AIS 1 – 2 – Call ဆင်းကဒ်ဖြင့်အသုံးပြုရသည့် အင်တာနက်လိုင်းအား ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့ မနက်ပိုင်းမှစတင်ကာ ထိုင်းနိုင်ငံဘက်မှ ဖြတ်တောက်လိုက်သည့်အတွက်ကြောင့် ဖုန်းခေါ်ဆိုခြင်းနှင့်အတူ အင်တာနက်အသုံးပြုခြင်းများ လုပ်ဆောင်နိုင်ခြင်းမရှိတော့ကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောကြားသည်။
“လောလောဆယ်မှာ ထိုင်းဘက်က dtac နဲ့ Truemove ဆင်းကဒ်နဲ့အင်တာနက်အသုံးပြုလို့ရသေးတယ်ဆိုပေမယ့် သူတို့လည်း လာမယ့် ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့မှာ လိုင်းဖြတ်မယ်လို့ သတင်းထုတ်ပြန်ထားတယ်။ မြန်မာနိုင်ငံဘက်က ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတချို့ရှိပေမယ့် လိုင်းမကောင်းလို့ မသုံးကြဘူး။ ” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
ဘုရားသုံးဆူမြို့တွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများအား ထိုင်းနိုင်ငံဘက်မှ သွယ်တန်းအသုံးပြုနေရကြောင်း၊ လျှပ်စစ်မီးအား ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၅) ရက်နေ့မှစတင်က ထိုင်းနိုင်ငံဘက်မှ ဖြတ်တောက်ခဲ့ပြီးနောက်တွင် ဆက်လက်၍ အင်တာနက်လိုင်းများဖြတ်တောက်နေခြင်းဖြစ်ကြောင်း ၎င်းမြို့ခံက ဆိုသည်။
“အရင်ဆုံး လျှပ်စစ်မီးဖြတ်တယ်။ လောင်စာဆီတင်သွင်းမှုဖြတ်တယ်။ အခု ဆက်သွယ်ရေးလိုင်းတွေဖြတ်တယ်။ ကျားဖြန့်တွေ ထိ၊ မထိတော့ မသိဘူး။ ဘုရားသုံးဆူဒေသခံတွေကတော့ လူမှုရေးတွေရော၊ စီးပွားရေးတွေအပေါ်မှာပါ သက်ရောက်မှုတွေ ကြီးကြီးမားမားဖြစ်နေတယ်” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
ထိုင်းနိုင်ငံဘက်မှ အင်တာနက်လိုင်းများဖြတ်တောက်နေသည့်အတွက်ကြောင့် Online Shop ကဲ့သို့ အင်တာနက်အသုံးပြု၍ လုပ်ဆောင်နေကြသည့် လုပ်ငန်းများ ရပ်တန့်ရတော့အခြေအနေမျိုးဖြစ်နေကြောင်းလည်း Online Shop လုပ်ငန်းလုပ်ကိုင်နေကြသူများ၏ ပြောကြားချက်များအရ သိရသည်။
“ဘုရားသုံးဆူမြို့မှာက ဟိုးအရင်ကတည်းက ထိုင်းဘက်က ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကိုဘဲ အသုံးပြုနေကြတာပါ။ Wifi ဆိုရင်လည်း ထိုင်းဘက်ခြမ်းကလိုင်းကိုဘဲယူပြီး အသုံးပြုနေကြတာပါ။ မြန်မာဘက်က ဖုန်းနဲ့အင်တာနက်လိုင်းက သုံးရတာအဆင်မပြေဘူး။ အခုက လျှပ်စစ်မီးလည်းမရှိတော့ဘူး။ မီးစက်နှိုးဖို့လည်း စက်သုံးဆီကမရှိဘူး။ အခု အင်တာနက်လိုင်းတွေပါ ပြတ်တောက်တော့မယ်ဆိုတော့ နယ်စပ်ကုန်သွယ်ရေးအပေါ်ကို သက်ရောက်မှုကြီးကြီးမားမားဖြစ်လာတော့မယ်လို့ ယူဆပါတယ်” ဟု ဘုရားသုံးဆူ ဒေသခံတစ်ဦးက ပြောကြားသည်။
ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ဆက်စပ်သည့် လူမှောင်ခိုကူးသည့်လုပ်ငန်းများ တိုက်ဖျက်ရန်အတွက်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၅) ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်ခြမ်းနယ်စပ်မြို့များဖြစ်ကြသည့် မြဝတီ၊ ဘုရားသုံးဆု၊ တာချီလိတ်အစရှိသည့် မြို့များသို့ ချိတ်ဆက်သွယ်တန်းထားသည့် လျှပ်စစ်မီး နှင့် လောင်စာဆီတင်ပို့မှုအား စတင်ဖြတ်တောက်ခဲ့သည်။
ထိုအခြေအနေများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းမှ လျှပ်စစ်မီး၊ လောင်စာဆီ နှင့် ဖုန်းအင်တာနက်လိုင်းများကို အားထားနေရသည့် နယ်စပ်မြို့များတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စိုးမိုးနယ်မြေအတွင်းတည်ရှိနေသည့် ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်သော ဘုရားသုံးဆူမြို့တွင် တရားမဝင် ဝင်ရောက်ကာ စားသောက်ဆိုင်များအပါအဝင် ကာစီနိုရုံများ လောင်းကစားရုံများ အစရှိသည့် လုပ်ငန်းများအား လာရောက်လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသားများအနေဖြင့် လာမည့် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့နောက်ဆုံးထားကာ ဘုရားသုံးဆူမြို့မှ ထွက်ခွာကြရန်နှင့် လိုက်နာမှုမရှိပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ယင်း DKBA အဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။


