မြန်မာနိုင်ငံရှိ ပဋိပက္ခများ ဖြေရှင်းရန် နည်းလမ်းရှာဖွေရေးအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက EAOs များဘက်မှ တောင်းဆိုချက် စာရင်းအရှည်ကြီးဖြင့် ရောက်ရှိလာကြသော်လည်း လက်တွေ့ကျမည့် တောင်းဆိုမှုစာရင်း အတိုလေးများကိုသာ တင်ပြရန် ပြောကြားထားကြောင်း မလေးရှားနိုင်ငံပိုင်သတင်းဌာန Bernama နှင့် ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုအတွင်း ပြောဆိုခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) အမျိုးမျိုး၏ အဓိကခေါင်းဆောင်
များနှင့် စတင် တွေ့ဆုံဆွေးနွေးနေပြီဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနှင့် မည်သည့်အချိန်တွင် မည်သည့်နေရာ၌ တွေ့ဆုံခဲ့သည်ဆိုသည့် သက်ဆင်က အသေးစိတ်ကို ဖော်ပြခြင်းမရှိသော်လည်း ဝန်ကြီးချုပ် အန်ဝါ၏ အကြံပေးအဖြစ် ခန့်အပ်မခံရမီ ပြီးခဲ့သည့်နှစ် မတ်လနှင့် ဧပြီလက ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့သည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကချင်အမျိုးသားအစည်းအရုံး (KNO) နဲ့ ၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP (AD)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့အား၂၀၂၄ ခုနှစ် ဧပြီလအတွင်း တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် စစ်ကောင်စီအနေဖြင့် အများအသိအမှတ်ပြုနိုင်ဖွယ်မရှိသော ရွေးကောက်ပွဲ ကျင်းပရန် မပြောဆိုမီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရင်ဆွေးနွေးပြီး အားလုံးပါဝင်သည့် ချဉ်းကပ်မှုမျိုး လုပ်ဆောင်ရန် လိုအပ်နေကြောင်း သက်ဆင်က ထည့်သွင်းပြောကြားခဲ့သည်။
တဖက်မှာလည်း စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းရန် သဘောတူပါက အာဆီယံအနေဖြင့် အနည်းငယ် အလျှော့ပေးသင့်သည်ဟု သက်ဆင်က မှတ်ချက်ပြုခဲ့သည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခသည် အာဆီယံအတွက် ဖြေရှင်းရန် ခက်ခဲသည့် ပြဿနာကြီးဖြစ်သည်ဟု သက်ဆင်က ပြောကြားခဲ့ကြောင်း၊ ပဋိပက္ခဖြေရှင်းရေးအတွက် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံး မျက်နှာချင်းဆိုင် ဆွေးနွေးရန် လိုအပ်ကြောင်း မလေးရှားဝန်ကြီးချုပ်၏ သဘောထားကို သက်ဆင်က အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့သည်။
မြန်မာပြည်တွင်းစစ်အတွက် အဖြေရှာရေး အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ် အန်ဝါအေဗရာဟင်အပေါ် ယုံကြည်မှု အပြည့်အဝရှိကြောင်း သက်ဆင်က ပြောကြားခဲ့သည်။ သူသည် ယခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်၏ အလွတ်သဘော အကြံပေးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
ရည်ညွှန်း – Thai PBS World