ထိုင်းနိုင်ငံရှိ ပြည်နယ်ရှစ်ခုမှ သံသယရှိသူ ၃၂ ဦးအနက် ၁၀ ဦးကို အွန်လိုင်းငွေလိမ်လည်မှုအဖွဲ့အတွက် ဘတ်ငွေ ၂ ဘီလီယံကျော် တန်ဖိုးရှိသော ငွေကြေးခဝါချမှုတွင် ပါဝင်ပတ်သက်သည်ဟူသော စွပ်စွဲချက်ဖြင့် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။
လက်ရှိ ဖေဖော်ဝါရီလတစ်လအတွင်း ပြုလုပ်ခဲ့သော ဤစီးနင်းမှုတွင် ပြည်နယ်ရှစ်ခုရှိ နေရာ ၂၀ ကို စီးနင်းဝင်ရောက်ခဲ့ပြီး သံသယရှိသူ ၃၂ ဦးအနက် ၁၀ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) မှ အရာရှိများက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲကျင်းပ၍ ငွေကြေးခဝါချမှုဆိုင်ရာ စီးနင်းမှုအသေးစိတ်ကို ထုတ်ဖော်ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသူ ၁၀ ဦးမှာ ငွေကြေးခဝါချအဖွဲ့၏ ခေါင်းဆောင်ဟု သတ်မှတ်ခံရသူ ၁. Autchara (၂၇ နှစ်၊ ထိုင်းနိုင်ငံသူ) နှင့်အတူ ၂. Gao (၃၅ နှစ်၊ တရုတ်နိုင်ငံသား)၊ ၃. Xiong (၃၀ နှစ်၊ တရုတ်နိုင်ငံသား)၊ ၄. Mao (၄၆ နှစ်၊ တရုတ်နိုင်ငံသား)၊ ၅. Zhou (၄၄ နှစ်၊ တရုတ်နိုင်ငံသား)၊ ၆. Pornthip (၄၄ နှစ်၊ ထိုင်းနိုင်ငံသား)၊ ၇. Noppawit (၃၁ နှစ်၊ ထိုင်းနိုင်ငံသား)၊ ၈. Chonlathee (၂၁ နှစ်၊ ထိုင်းနိုင်ငံသား)၊ ၉. Pantharee (၂၆ နှစ်၊ ထိုင်းနိုင်ငံသား)၊ ၁၀. Supawadee (၃၉ နှစ်၊ ထိုင်းနိုင်ငံသား)တို့ပါဝင်ပြီး အဆိုပါ ငွေကြေးခဝါချအဖွဲ့၏ အဓိကအဖွဲ့ဝင် ၅ ဦးနှင့် ငွေကြေးလဲလှယ်မှုအတွက် အသုံးပြုသည့် အကောင့်ပိုင်ရှင် ၅ ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသူ Autchara က သူမသည် ထိုင်းနိုင်ငံရှိ တရုတ်ခရီးသွားဧည့်သည်များအတွက် လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်တွင် သူမ၏ တရုတ်လူမျိုးရည်းစားနှင့် တွေ့ဆုံခဲ့ကြောင်း၊ သူမနှင့် သူမ၏ရည်းစားသည် တရုတ်ခရီးသွားဧည့်သည်များထံမှ ကရစ်ပတိုငွေကြေးကို ထိုင်းဘတ်ငွေသို့ ပြောင်းလဲပေးခြင်းဖြင့် ငွေကြေးလဲလှယ်မှုလုပ်ငန်းကို စတင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံတွင် ၎င်းတို့၏ခရီးသွားလာမှုနှင့် သုံးစွဲမှုများကို လွယ်ကူချောမွေ့စေရန် လုပ်ဆောင်ခဲ့ကြောင်း၊ စုစုပေါင်းပမာဏ၏ ၀.၀၃% မှ ၀.၀၅% ကို ဝန်ဆောင်ခနှုန်းအဖြစ် ကောက်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့ရာတွင် ရဲတပ်ဖွဲ့မှ Autchara ၏ပြောဆိုချက်ကို မယုံကြည်ခဲ့ပေ။ စုံစမ်းစစ်ဆေးမှုများအရ Autchara ၏ ဖောက်သည်များသည် ခရီးသွားဧည့်သည်များမဟုတ်ဘဲ တရုတ် အွန်လိုင်းငွေလိမ်အဖွဲ့ဝင်များဖြစ်ကြသည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း။ သူမနှင့် သူမ၏ရည်းစားသည် ၂၀၂၃ ခုနှစ်မှစတင်၍ ကရစ်ပတိုငွေကြေး ဘတ် ၂.၉ ဘီလီယံကျော်ဖိုးကို ဘတ်ငွေသို့ ပြောင်းလဲခဲ့ကြောင်း၊ တရားမဝင်ငွေကြေးအချို့ကို အိမ်ခြံမြေဝယ်ယူရာတွင် အသုံးပြုခဲ့ကြောင်း စွပ်စွဲထားပြီး ယခုအခါ ထိုအိမ်ခြံမြေများကို သိမ်းဆည်းရန် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေသည်။
ရဲတပ်ဖွဲ့က ဘတ်ငွေ ၄၄၀ သန်းကျော်တန်ဖိုးရှိသည့် တန်ဖိုးကြီးပစ္စည်းများ၊ ဒီဇိုင်းနာပစ္စည်းများ၊ အိမ်နှင့် ကွန်ဒိုမီနီယံကဲ့သို့သော ဇိမ်ခံပစ္စည်းများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး ဤပြစ်မှုနှင့်ပတ်သက်သည့် ကျန်သံသယရှိသူများကို ခြေရာခံရန် နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အတည်ပြုခဲ့သည်။
Souece; Inside SEA News – Burmese Edition