မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်ရှိ ကျားဖြန့်ခေါ်အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ဆက်စပ်၍ လူကုန်ကူးခံရသည်ဆိုသော တရုတ်နိုင်ငံသား ၂၀၀ ဦးအား ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ပထမအသုတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် လွှဲပြောင်းပေးခဲ့သည်။
လူကုန်ကူးခံရသည်ဟု ယူဆရသော တရုတ်နိုင်ငံသားများအား မြန်မာနိုင်ငံဘက်က BGF နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) မှ ထိုင်းနိုင်ငံဘက်ရှိ အာဏာပိုင်များထံသို့ ထိုင်း – မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) မှ လွှဲပြောင်းပေးခဲ့ပြီးနောက် မဲဆောက်လေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ လေကြောင်းဖြင့် ပြန်လည် လွှဲပြောင်းပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက်ပိုင်းအချိန်က မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ တရုတ်နိုင်ငံသား (၂၀၀) ဦးအား လွှဲပြောင်းပေးခဲ့သည့်အပြင် နေ့လည်ပိုင်းနှင့် ညနေပိုင်းအချိန်တွင်လည်း ဆက်လက်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း BGF မှ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် က ပြောကြားသည်။
ထိုင်း – မြန်မာနယ်စပ်ရှိ ကျားဖြန့်ခေါ်အွန်လိုင်းငွေလိမ်လုပ်ငန်းများ နှင့်ပတ်သက်ဆက်နွယ်သည့် လူကုန်ကူးမှုများအား အမြစ်ဖြတ်နှိမ်နင်းရှင်းလင်းရေးလုပ်ငန်းများအား နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အနေဖြင့် မြန်မာနိုင်ငံအစိုးရ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာဆောင်ရွက်လျှက်ကြောင်းလည်း ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် ကဆိုသည်။
ထို့ပြင် ထိုင်း – မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ် အပါအဝင်နယ်စပ်တလျှောက် တွင် hotline ဖြစ်နေသောလူမှောင်ခို ကျားဖြန့်လုပ်ငန်းကို ပပျောက်သွားသည်ထိ နှိမ်နင်းရှင်းလင်းရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကရင်နယ် နယ်ခြားစောင့်တပ်များ အထွေထွေ အတွင်းရေးမှူ ဗိုလ်မှူးကြီးစောချစ်သူ ကလည်း ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၇) ရက်န့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
အလားတူ ယင်းနေ့ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့တွင်လည်း ထိုင်းနိုင်ငံမှ တဆင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး လျှိုကျုံးရီ၊ စစ်ကောင်စီမှ ကိုယ်စားလှယ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်ချုပ်အောင်ကျော် နှင့် ထိုင်းအမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနအထွေထွေအတွင်းရေးမှူးတို့ မြဝတီမြို့ရှိ ကျားဖြန့်ခေါ်အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ လူကုန်ကူးခံရသူများ ပြန်ပို့မည့် အစီစအဉ်နှင့်ပတ်သက်ပြီး BGF ခေါင်းဆောင်တချို့နှင့်လည်း တွေ့ဆုံမှုလုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။