ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်အတွင်းရှိ မဟာချိုင်မြို့၌ တည်ရှိသော “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့ရုံးကို ဆက်လက်အသုံးမပြုရန် ထိုင်းအာဏာပိုင်များက ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် အမိန့်စာကပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမိန့်စာတွင် AAC အဆောက်အဦးကို ဆက်လက်အသုံးပြုပါက (၃) လထက်မပိုသော ထောင်ဒဏ်နှင့် ဘတ်ငွေ (၆) သောင်းထက်မပိုသော ဒဏ်ငွေချမှတ်နိုင်သည့်အပြင်၊ ပြစ်ဒဏ်နှစ်မျိုးလုံးကိုလည်း တစ်ပြိုင်နက် ချမှတ်သွားမည်ဟု ဖော်ပြထားသည်။
ထို့အပြင်၊ အလုပ်သမားများ ယာယီကယ်ဆယ်ရေးစခန်းကို ဥပဒေနှင့်မညီဘဲ ဆက်လက်အသုံးပြုနေပါက တစ်ရက်လျှင် ဘတ်ငွေ (၁) သောင်း ဒဏ်ငွေပေးဆောင်ရမည်ဟု အမိန့်စာတွင် ဖော်ပြထားသည်။
AAC မဟာမိတ်အဖွဲ့ရုံးတွင် MoU (စာချုပ်ချုပ်ဆိုထားသော) စနစ်ဖြင့် လာရောက်နေထိုင်သူများ၊ အလုပ်အကိုင်မရှိသူများ၊ နေထိုင်ရန် အခက်အခဲရှိသူများ၊ လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရရှိပြီး နစ်နာကြေးမရရှိထားသူများ အပါအဝင် ခိုလှုံနေထိုင်သူ (၁၀၀) ခန့်ရှိကြောင်း သိရသည်။
ဤအမိန့်စာသည် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် လိုအပ်ကြောင်း ထပ်လောင်းအသိပေးချက်တစ်ရပ်အဖြစ် ရှိနေသည်


