ဘန်ကောက်မြို့ အာဏာပိုင်များသည် လတ်တလောတွင် တရုတ်လူမျိုးများ ဦးဆောင်သော အွန်လိုင်းလိမ်လည်မှုကွန်ရက် ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်သည့် သံသယရှိသူများအား ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ရဲတပ်ဖွဲ့၏ ဆိုင်ဘာတာစပ်ဌာန (PCT) နှင့် မြို့တော်ရဲများသည် ဟွိုင်ခေါင်ခရိုင်၊ Ratchadaphisek လမ်းမပေါ်ရှိ Luckking Co., Ltd. ကို ဖေဖော်ဝါရီ ၁၈ ရက်က ဝင်ရောက်စီးနင်းခဲ့ရာ လိမ်လည်မှုကွန်ရက်၏ တတိယမြောက် အဓိကသံသယရှိသူ မစ္စတာ Zhang Hongxiang ကို ဟွိုင်ခေါင်ခရိုင်ရှိ ကွန်ဒိုတစ်ခု၌ ဖမ်းဆီးရမိခဲ့သည်။
ယင်းသို့ ဝင်ရောက်စီးနင်းစဉ် ဝန်ထမ်းအများစု ထွက်ပြေးသွားခဲ့သော်လည်းလိမ်လည်မှုတွင် အသုံးပြုသည့် ဆုလက်မှတ်ဘီးများ၊ ရွှေဥများ၊ အချက်အလက်သိုလှောင်သည့် ပစ္စည်းများ၊ ဘဏ်သေတ္တာနှင့် USDT ဒီဂျစ်တယ်ငွေ ၂.၄ သန်းခန့် (ဘတ်ငွေ ၈၄ သန်း) တို့ကို သိမ်းဆည်းရမိခဲ့သည်။
ယင်းမတိုင်မီ ဖေဖော်ဝါရီ ၆ ရက်က ဂိုဏ်းခေါင်းဆောင်များဖြစ်သည့် မစ္စတာ Ye Wanyou (၂၉ နှစ်) နှင့် မစ္စတာ Li Weijie (၃၀) တို့ကို Ratchadaphisek လမ်းမပေါ်ရှိ ဇိမ်ခံရပ်ကွက်တစ်ခုတွင် ဖမ်းဆီးခဲ့ကြောင်း၊ ၄င်းတို့၏ ဖုန်းများတွင် လိမ်လည်မှုဆိုင်ရာ ဒေတာများ၊ မဲဆောက်မှတစ်ဆင့် လူကုန်ကူးမှုလမ်းကြောင်း၊ ထိုင်းနိုင်ငံသား ဂိုဏ်းအဖွဲ့ဝင်များဆီသို့ ချိတ်ဆက်ထားသည့် အထောက်အထားများ တွေ့ရှိခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့ ဒုတိယကော်မရှင် ရဲဗိုလ်ချုပ်ကြီး Noppasilp Poolsawat က ထုတ်ဖော်ပြောကြားခဲ့သည်။
၄င်းအွန်လိုင်းလိမ်လည်မှုကွန်ရက်သည် ထိုင်းနိုင်ငံသားများကို အမည်ခံအဖြစ်အသုံးပြု၍ Luckking Co., Ltd. ကို တည်ထောင်ကာ၊ iPhone 16 ဆုလက်မှတ်များ ကမ်းလှမ်းသည့် ဂိမ်းပလက်ဖောင်းဖန်တီးထားကြောင်း၊ TikTok တွင် ကြော်ငြာပြီး ပရိသတ်များကို ဆွဲဆောင်ကာ ၎င်းတို့၏ မှတ်ပုံတင်ကတ် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူခဲ့ကြောင်း၊ ဤနည်းဖြင့် လူ ၈၈,၀၀၀ ကျော်၏ အချက်အလက်များ ယိုစိမ့်သွားခဲ့ပြီး၊ ထိခိုက်သူ ၈၅ ဦးမှ ဘတ်ငွေ ၅၅ သန်း အထိ ဆုံးရှုံးမှုရှိကြောင်း သိရသည်။

