မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းများအတွင်း သားကောင်ဖြစ်ခဲ့သူများအား ကယ်တင်နိုင်ခဲ့သော်လည်း အဆိုပါ ကျားဖြန့်လုပ်ငန်းထူထောင်ခဲ့သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသည့်အပေါ် ထိုင်းဝန်ကြီးချုပ်ဝေဖန်ခံနေရကြောင်း ထိုင်းသတင်းများက ရေးသားသည်။
လတ်တလော မြန်မာနယ်စပ်ဘက်တွင် ကယ်တင်ထားသူ ၇,၀၀၀ ရှိနေပြီး ၄င်းတို့ကို ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးရန် စောင့်ဆိုင်းနေကြောင်း၊ ကျားဖြန့်ငွေလိမ်ဂိုဏ်းများ၏ ပြသာနာကို ထိုင်းအစိုးရအနေဖြင့် အမြန်ဆုံးဖြေရှင်း ဆောင်ရွက်နေကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ယနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်ကို ရိုက်တာသတင်းက ဖေါ်ပြသည်။
သို့ရာတွင် လူမှောင်ခို ကူးခံခဲ့ရသူများကိုသာ တွေ့ရလေ့ရှိပြီး အဆိုပါ ကျားဖြန့်လုပ်ငန်းများ ထူထောင်လုပ်ကိုင်သူများအား ဖမ်းဆီးရမိကြောင်းကို ထုတ်ဖေါ်ပြောကြားခြင်း မတွေ့ရသေးပေ။
မြဝတီမြို့နယ်ရှိ ကျားဖြန့်ဂိုဏ်းများအတွင်း အဓမ္မအလုပ်ခိုင်းစေခံရသူ နိုင်ငံ ၁၂ နိုင်ငံက လူ ၁,၂၁၉ ယောက်ကို ကယ်တင် ထားပြီး တရုတ်နိုင်ငံသား ၁,၀၄၁ ၊ အင်ဒိုနီးရှား နိုင်ငံသား ၇၁ ၊ ဗီယက်နမ်နိုင်ငံသား ၄၀ ပါဝင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂက ထုတ်ပြန်တဲ့အစီရင်ခံစာများအရ မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေကြေးလိမ်လည် ကျားဖြန့် ဂိုဏ်းများတွင် လူတစ်သိန်း နှစ်သောင်းခန့် အတင်းအဓမ္မ ခိုင်းစေခံနေရပြီး ကမ္ဘောဒီးယားနိုင်ငံက အွန်လိုင်းလိမ်လည်ဂိုဏ်းများမှာ လူတစ်သိန်းခန့် အဓမ္မ ခိုင်းစေခံနေရကြောင်း ခန့်မှန်းထားသည်။