ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်း (၁၀၀)ကျော် စံခလပူရီ ဝင်းကရွာအနီးတွင် ယမန်နေ့ ညနေပိုင်းက ထိုင်းရဲများ ဖမ်းဆီးမိခဲ့သည်။
ထိုင်းနိုင်ငံအတွင်းပိုင်းသို့ စက်လှေများဖြင့် ဝင်ရောက်ရန်ကြိုးပမ်းစဥ် ဝင်းကရွာဟောင်းနှင့် မီတာ ၃၀၀ ခန့်အကွာတွင် ကျွန်းပေါ်ပုန်းအောင်းနေသည့် အမျိုးသား ၇၂ ဦး၊ အမျိုးသမီး ၄၄ ဦး စုစုပေါင်း ၁၁၆ ဦး၊ လိုက်ပို့သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး တို့ကို ညနေ ၅ နာခွဲအချိန် တွေ့ရှိ၍ ရဲက ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
“ဘုရားသုံးဆူဒေသက ကျားဖြန့်နှိမ်နင်းရေးအတွက် ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်ချထားတဲ့အချိန်မှာ မြန်မာနိုင်ငံကနေ ထိုင်ဘက်ကို ဝင်ပေါက်မှန်သမျှ ထိုင်းတို့က အထူးစောင့်ကြည့်လေ့လာနေတယ်၊ လှို့ဝှက်ကင်မရာတွေနဲ့ ထောက်လှမ်းကြည့်ရှုနေတယ်၊ ခိုးဝင်တဲ့လူတွေ ပြေးမလွတ်နိုင်ဘူး”ဟု ဝင်းကရွာခံတစ်ဦးက ပြောသည်။
၄င်းရွှေ့ပြောင်းအများစုမှာ မြန်မာစစ်တပ်၏ စစ်မှုထမ်းခြင်းမှ ရှောင်ရှားလာကြသော ဆယ်ကျော်သက်အရွယ် လူငယ်များဖြစ်ကြပြီး ထိုင်းနိုင်ငံအတွင်းပိုင်းပြည်နယ်များနှင့် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် တစ်ဦးလျင်ပွဲစားခ ဘတ်နှစ်သောင်းဝန်းကျင် (18,000-20,000) ပေးအပ်ပြီး ဝင်ရောက်လာခဲ့ရသည်ဟု စံခလပူရီမြို့နယ် ရဲမှူးသို့ထွက်ဆိုခဲ့ကြကြောင်း ထိုင်းသတင်းက ရေးသားသည်။
အဆိုပါဖမ်းဆီးမိသူအားလုံးကို စံခလပူရီရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။