နေလှမ်းဆားထုတ်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုရန် ဒီဇယ်ဆီ ဝယ်ယူသယ်ဆောင်ခွင့်မရသည့်အတွက် ဆားဖိုများ အခက်အခဲ ဖြစ်နေပေါ်နေ ကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။
သံဖြူဇရပ်မြို့နယ်အတွင်းရှိ နေလှမ်းဆားထုတ်လုပ်သည့် လုပ်ငန်းများ၌ အသုံးပြုရန် ဒီဇယ်ဆီများ ဝယ်ယူသယ်ဆောင်ခွင့်မပြုသည့်အတွက်ကြောင့် ဆားလုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာ မှ ဆားတောင်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဒီနှစ်ဆားရာသီမှာတော့ အလုပ်သမားရှားပါးမှုပြဿနာအပြင်ကို အခု သံဖြူဇရပ်မြို့မှာ ဒီဇယ်ဆီဝယ်မရဘူး။ ပင်လယ်ရေကို ဆားကွက်တွေထဲသွင်းနိုင်ဖို့အတွက် ရေစုပ်စက်တွေမောင်းဖို့ ဒီဇယ်ဆီပါ ဝယ်မရတဲ့ ပြဿနာဖြစ်နေတယ်။ အရင်ကတော့ သံဖြူဇရပ်ထဲမှာ ဒီဇယ်ဆီပြတ်ရင် တခြားမြို့တွေမှာ သွားလိုက်ဝယ်ပြီးတော့ သံဖြူဇရပ်မြို့ကို သယ်လာလို့ရသေးတယ်။ အခုက သံဖြူဇရပ်အဝင်ဂိတ်မှာ စက်သုံးဆီတွေပေးမဖြတ်တော့ ကျနော်တို့မှာ ဒီဇယ်ဆီပြတ်တော့မယ့် ပြဿနာဖြစ်နေတယ်” ဟု ပြောကြားသည်။
နေလှမ်းဆားကြမ်းထုတ်လုပ်သည့်လုပ်ငန်းများမှာ နိုင်ငံတော်အား သတ်မှတ်ထားသည့်အခွန်အခများပေးဆောင်ကာ တရားဝင်လုပ်ကိုင်နေသည့် လုပ်ငန်းဖြစ်သည့်အတွက်ကြောင့် ဆားတောင်သူများအနေဖြင့် ဒီဇယ်ဆီများ တရားဝယ် ဝယ်ယူသယ်ဆောင်ခွင့်ရရှိစေရန်အတွက် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုသွားမည်ဟုလည်း ၎င်းတောင်သူက ဆိုသည်။
ထိုင်း – မြန်မာနယ်စပ်မြို့များဖြစ်ကြသည့် မြဝတီမြို့ နှင့် ဘုရားသုံးဆူမြို့များသို့ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး နှင့် စက်သုံးဆီများအပါအဝင် ကုန်ပစ္စည်းတချို့တင်ပို့ခွင့် ဖြတ်တောက်လိုက်သည့်အတွက်ကြောင့် ယင်းဒေသများရှိ ကျားဖြန့်ခေါ်အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် စက်သုံးဆီများအား သထုံမြို့နှင့် မော်လမြိုင်မြို့မှတဆင့် အဖွဲ့အစည်းပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် ပို့ဆောင်နေကြကြောင်း မွန်ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များထံမှ သိရသည်။