ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ခိုးဝင်လာသည့် မြန်မာရွှေ့ပြောင်း ၃၂ ဦးကို ကန်ချနပူရီပြည်နယ် စိုင်းယွတ် Sai Yok အလွန်တွင် ထိုင်းရဲများက ယနေ့တွင် ဖမ်းဆီးမိခဲ့သည်။
စံခလပူရီ-ကန်ချနပူရီ အမှတ် ၃၂၃ အမြန်လမ်းမကြီးအတိုင်း Isuzu D-Max ကားတစ်စီးက အဆိုပါ မြန်မာရွှေ့ပြောင်းများအား တင်ဆောင်ကာ အရှိန်ပြင်းစွာမောင်းနှင်သွားကြောင်း၊ ရဲကားများ လိုက်လံတားဆီးသော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ကာ မီးရထားလမ်းတစ်နေရာ၌ ယာဥ်မောင်းက ကားကိုစွန့်ပစ်ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ သို့သော် ကားပေါ်ပါ မြန်မာရွှေ့ပြောင်းအချို့ ထွက်ပြေးရန်ကြိုးစားသော်လည်း ရဲများရောက်ရှိလာသောကြောင့် ဖမ်းဆီးခံလိုက်ရကြောင်း ထိုင်းသတင်းက ရေးသားသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသားနှင့် အမျိုးသမီးများ ပါဝင်ပြီး ၎င်းတို့၏ လက်ကောက်ဝတ်တွင် ချည်ကြိုးများ စည်းနှောင်ထားကာ မည်သည့်ဒေသတွင် အလုပ်လုပ်ရမည်ကို ဖော်ပြထားသည်ကို တွေ့ရသည်။
ဖမ်းဆီခံသူများ၏ ထွက်ဆိုချက်အရ ထိုင်းတောင်ပိုင်း ကော့စမွီမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်မည့် ၂၆ ဦးအား တစ်ဦးလျင် ပို့ခထိုင်းဘတ်ငွေ ၄၀၀၀၀၊ ဘန်ကောက်သို့ သွားမည့် ၄ ဦးအား တစ်ဦးလျင် ပို့ခထိုင်းဘတ်ငွေ ၁၁၅၀၀၊ ဘန်ကောက်သို့ သွားမည့် ၂ ဦးအား တစ်ဦးလျင် ပို့ခထိုင်းဘတ်ငွေ ၁၃၀၀၀ ဖြစ်ကြောင်း ထိုင်းရဲမှူးက ပြောသည်။
အလားတူ ယမန်နေ့တွင် ခိုးဝင်မြန်မာရွှေ့ပြောင်းများအား စံခလပူရီ-ထောင်ဖာဖွန်အကြား ၁၅ ဦး၊ စံခလပူရီမြို့ ဝင်းကရွာအနီး ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
Crd-โจโฉ