ဘုရားသုံးဆူဒေသရှိ တရုတ်ကျားဖြန့် Call Center ဂိုဏ်းသား ၈၀ ကျော်အား ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် DKBA က မြဝတီအခြေစိုက် ကရင်ပြည်နယ် နယ်ခြားစောင့် BGF ထံ ယမန်နေ့က လွှဲပြောင်းပေးအပ်လိုက်ကြောင်း ထိုင်းသတင်းက ရေးသားသည်။
ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၁ နာရီအချိန်က ဘုရားသုံးဆူမြို့ MS 349922 ကာစီနိုရုံမှ ကျားဖြန့်ဂိုဏ်းသား အမျိုးသား ၈၅ ယောက်၊ အမျိုးသမီး ၁ ယောက် ပေါင်း ၈၆ ယောက်ကို ၆ ဘီးကား ၂ စီးဖြင့် တင်ဆောင်ပြီး မြဝတီခရိုင် ရွှေကုက္ကိုဒေသရှိ ကရင်နယ်ခြားစောင့်တပ် (BGF/ KNA) ထံ ဗိုလ်မှူးကြီး စောအေဝမ်း ဦးစီးသော DKBA တပ်ဖွဲ့က ပို့ဆောင်လွှဲပြောင်းပေးခဲ့ကြောင်း ကန်ချနပူရီ ထိုင်းသတင်းမှ ဖော်ပြခဲ့သည်။
ထို့ပြင် ရာနှင့်ချီသော တရုတ်နိုင်ငံသားအချို့ကိုလည်း ဘုရားသုံးဆူမြို့အပြင်ဘက် ၁၀ မိုင်ခန့် ဝေးသည့် နောက်ထပ်နေရာတခုဆီကိုလည်း ရွှေ့ပြောင်းသွားခဲ့ကြောင်း၊ ၄င်းနေရာသစ်တွင် ဆောက်လက်စ အဆောက်အဦကြီးကြီးတခု ရှိနေသည်ကို ဘုရားသုံးဆူဒေသခံများက ထိုင်းသတင်းထောက်အား ပြောသွားခဲ့ကြောင်း ထိုင်းဘာသာဖြင့် ရေးသားဖော်ပြသည်။
တရုတ်နိုင်ငံသားအားလုံးကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက်ကို နောက်ဆုံးထား၍ ဘုရားသုံးဆူမြို့ပေါ်မှ ထွက်ခွာသွားရမည်ဟု DKBA က ကြေငြာချက်ထုတ်ပြန်ထားသည်။
ဘုရားသုံးဆူမြို့တွင် တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစာလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိကြောင်း နှင့် ထိုင်းနိုင်ငံအစိုးရ၏ ယုံကြည်မှု ရရှိမှသာ ဘုရားသုံးဆူမြို့သို့ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီ တင်ပို့မှုများကို ယခင်အတိုင်းပြန်လည် လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ (၉) ရက် DKBA ထုတ်ပြန်ချက်တွင် ဆိုထားသည်။
Photo Crd-โจโฉ