ယနေ့မျက်မှောက်နိုင်ငံရေးအခင်းအကျင်းနှင့် ဆက်စပ်နေသည့် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးအနေဖြင့် အင်အားစုအသီးသီး၏ မှန်ခြင်း မှားခြင်းကို ပဓါနမထားဘဲ ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာသင့်ပြီဟု ယနေ့ကျရောက်သော (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် မွန်ညီညွတ်ရေးပါတီ MUP က ကြေငြာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။
ယနေ့ဖြစ်ပေါ်လျက်ရှိသည့်နိုင်ငံရေးပဋိပက္ခများတွင် ပါဝင်ပတ်သက်သည့်ပုဂ္ဂိုလ်အားလုံးအနေဖြင့် အမြန်ဆုံး အဖြေရှာနိုင်ခြင်းမရှိလျှင် ပြည်သူလူထုရင်ဆိုင်နေရသည့် ဒုက္ခများ ပိုမိုတိုးပွားလာနိုင်ပြီး နိုင်ငံသည်လည်း ချွတ်ခြုံ ကျသွားမည်ဖြစ်ကြောင်း MUP က ဆိုသည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းရယူခဲ့ပြီးနောက် ယနေ့ပစ္စုပ္ပန် ကာလ၌ နိုင်ငံရေးမတည်ငြိမ်မှု၊ လက်နက်ကိုင်တော်လှန်မှုများ ပိုမိုပြင်းထန်လာသည်မှာ အရှိတရားတစ်ခု ဖြစ်ပါကြောင်း၊ လက်နက်ကိုင်အင်အားစုအသီးသီးက အင်အားများကို တိုးချဲ့စုဆောင်းမှု ပြုလုပ်လာခြင်းကြောင့် လူငယ်တို့၏ အနာဂတ်ဘဝနှင့် ပြည်သူလူထု၏ လုံခြုံမှုကို ထိခိုက်လာစေပြီး စီးပွားရေး ကျဆင်းလာမှုနှင့်အတူ ပြည်သူလူထုအနေဖြင့် ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ထောက်ပြသည်။
သို့ရာတွင် နိုင်ငံရေးအခြေအနေ မည်သို့ပင်ဖြစ်ပေါ်ပြောင်းလဲနေစေကာမူ မိမိတို့မွန်အမျိုးသားများ အချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု မပျက်ပြားစေရေး၊ အမျိုးသားရေးအင်အားစုများ မကွဲပြားသွားစေရေး တို့အတွက် စစ်ရိပ်စစ်ငွေ့ သန်းနေသည့်အခြေအနေကြားမှ မိမိတို့ တိုင်းရင်းသားလူမျိုးများအကျိုး မည်သို့ ဖော်ဆောင်သွားရမည်ကို သတိကြီးစွာထားပြီး ဆောင်ရွက်သွားရန် လိုအပ်မည်ဟု MUP က ယုံကြည်သည်။
မွန်လူမျိုးတို့၏ ပထမဟံသာဝတီနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလဆုတ်(၁) ရက်နေ့ကိုအစွဲပြု၍ ယင်းနေ့ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ပြီး ယခုနှစ်ဆိုလျှင် (၇၈) ကြိမ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံရေးအပြောင်းအလဲ အမျိုးမျိုးနှင့် ကန့်သတ်ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားပြီး မွန်အမျိုးသားနေ့အခမ်းအနားများ ကျင်းပ နိုင်ရေးကြိုးပမ်းခဲ့ကြသော ခေတ်အဆက်ဆက်မှ မွန်အမျိုးသားခေါင်းဆောင်များ၊ မျိုးချစ်ပုဂ္ဂိုလ်များ၊ အခမ်းအနား ကျင်းပနိုင်ရေး တာဝန်ယူခဲ့ကြသည့် ပုဂ္ဂိုလ်အားလုံး အပေါ် လေးစားဂုဏ်ယူချီးကျူးရပါကြောင်းဟု ရေးသားသည်။
မွန်အမျိုးသားနေ့သည် မွန်လူမျိုးတို့၏ အမျိုးသားရေးဆိုင်ရာအနှစ်သာရနှင့် ဂုဏ်သိက္ခာတို့ဖြင့် ပြည့်စုံ သည့် နေ့ထူးနေ့မြတ်ဖြစ်ပြီး စုပေါင်းခေါင်းဆောင်မှုဖြင့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာ၊ ဓလေ့ရိုးရာများကို ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ခြင်း၊ ဇာတိသွေး ဇာတိ မာန်တက်ကြွလာစေရေး နှိုးဆော်ပေးနိုင်ခြင်း စသည့်လက္ခဏာရပ်များနှင့် ပြည့်စုံသောနေ့တစ်နေ့လည်း ဖြစ်ပေသည်။
မွန်ညီညွတ်ရေးပါတီသည် မွန်အမျိုးသားအပေါင်းနှင့် တိုင်းရင်းသားပြည်သူတို့၏ အကျိုးအတွက် ဥပဒေ ဘောင်အတွင်းမှ သယ်ပိုးရွက်ဆောင်လို၍ ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပြီး လတ်တလော အခြေအနေတွင် မိမိတို့ဆန္ဒရှိသည့်အတိုင်း မွန်အမျိုးသားအပေါင်းနှင့် ပြည်သူလူထုတို့လိုလားသည့် အခွင့်အရေးများကို အပြည့် အဝ ဖော်ဆောင်ပေးနိုင်ခြင်းမရှိသော်လည်း အနာဂတ်ကာလတစ်ချိန်တွင် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူ ညီမျှမှုတို့နှင့်ပြည့်စုံသော တိုင်းရင်းသားလူမျိုးများကိုအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာစေရေး ကို ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း ဆိုသည်။
မွန်ညီညွတ်ရေးပါတီသည် မွန်အမျိုးသားအပေါင်းနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လုံခြုံ အေးချမ်းစွာ အသက်ရှင်ရပ်တည်းနိုင်ရေး၊ ယနေ့ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်း ဖြင့် ဖြေရှင်းနိုင်ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ရည်မျှော်မှန်းသည့် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ရေးတို့အတွက် သက်ဆိုင်ရာအင်အားစုများနှင့် ပေါင်းစပ်ပြီး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း MUP ဗဟိုအလုပ်အမှုဆောင်ကော်မတီက ၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်။ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။





