တရားဥပဒေစိုးမိုးမှုပျက်ယွင်းလျက်ရှိသည့် ရေးမြို့နယ်အတွင်း လောင်းကစားဝိုင်းရှိရာသို့ သွားရောက်ခဲ့သော ကွင်းရှည်ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက သေနတ်ဒဏ်ရာဖြင့် ငါးကလေးချောင်းကျေးရွာအနီးတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကျောင်းရွာကျေးရွာအုပ်စု၊ မြင်းတပြေးရွာသို့သွားရောက်စဥ် ကွင်းရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်စိုးပိုင် (၄၅ နှစ်) မှာ လည်ပင်းသေနတ်ဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက်သေနတ်ဒဏ်ရာ ၄ ချက်ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရွာများက ပြောကြားသည်။
” သူကတော့ နာမည်ပျက်တော့မရှိပါဘူး၊ လောင်းကစားတော့ ဝါသနာပါတယ်၊ သူ့ဆိုင်ကယ်နဲ့ ငွေ ၆ သိန်းကျော်လောက်လည်း ပါသွားတယ်၊ အလောင်းကတော့ အနံ့တောင်ထွက်နေပြီ၊ အဲ့နေ့ကတည်းက သတ်ခံရတာဖြစ်နိုင်တယ်၊ သူ့ကိုတွေ့တဲ့ ငါးကလေးချောင်းရွာဘက်ဆိုတာက ကျောင်းရွာကနေဆက်သွားရတယ်၊ အဲ့ကမှ မြင်းတပြေး၊ လိပ်ပုတ်တို့ရောက်တယ်၊ KNU လှုပ်ရှားနယ်မြေ ကရင်ရွာတွေ ဖြစ်တယ်၊ တပ်ကတော့ အဲ့ဘက် မရောက်နိုင်ဘူး၊ ကျောင်းရွာအထွက်လောက်ပဲ စိုးမိုးနိုင်တယ်၊ ” ဟု ကွင်းရှည်ရွာသား တစ်ဦးက ပြောကြားသည်။
အဆိုပါ ကွင်းရှည်ကျေးရွာအုပ်ချုပ်ရေးမှူးသေဆုံးခဲ့မှုဖြစ်စဉ်အပေါ် ရဲတပ်ဖွဲ့ဝင်များဘက်က လာရောက်မေးမြန်းစုံစမ်းခြင်းမရှိဘဲ အလောင်းတွေ့သည့်နေ့တွင်ပင် ကွင်းရှည်ကျေးရွာသုဿာန်တွင် မီးရှို့သင်္ဂြိုလ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းကာလမှ လက်ရှိကာလအထိ ရေးမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူး ၂၀ ယောက်ထက်မနည်း လုပ်ကြံသတ်ဖြတ်ခံရကြောင်း တွေ့ရသည်။
