ထိုင်း – မြန်မာနယ်စပ်မြို့များဖြစ်ကြသည့် မြဝတီနှင့် ဘုရားသုံးဆူမြို့များသို့ ဒီဇယ်ဆီများ တရားမဝင်တင်ပို့နေကြသည့်အတွက်ကြောင့် မော်လမြိုင်မြို့တွင် ဒီဇယ်ဆီပြတ်လပ်မှုဖြစ်ပေါ်နေကြောင်း မော်လမြိုင်မြို့ခံပြည်သူများနှင့် လုပ်ငန်းရှင်များထံမှ သိရသည်။
ယခုလတ်တလောတွင်မှု ထိုင်း – မြန်မာ နယ်စပ်ရှိ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံဘက်မှ ပိတ်ဆို့ဖြတ်တောက်မှုများလုပ်ဆောင်ထားသည့်အတွက်ကြောင့် မော်လမြိုင် နှင့်ဘားအံမြို့များအတွက် ရရှိထားသည့် စက်သုံဆီခွဲတမ်းမှ ဒီဇယ်ဆီများအား မြဝတီ နှင့် ဘုရားသုံးဆူမြို့များသို့ တင်ပို့ရောင်းချနေကြခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
“အခုက ဒီဇယ်ဆီတွေ ပြတ်နေပြီးတော့ ဓါတ်ဆီတွေက လိုသလောက်ရနေတယ်။ ဆိုတော့ ဒီဇယ်ဆီကို နယ်စပ်တွေကို ပို့နေလို့ မော်လမြိုင်မြို့မှာ ဒီဇယ်ဆီပြတ်နေတဲ့ သဘောမျိုးဖြစ်နေတယ်။ တချို့စက်သုံးဆီဆိုင်တွေမှာ ဒီဇယ်ဆီက အကန့်အသတ်နဲ့ပဲရတယ်။ ဒါတောင် ခဏလေးပဲရောင်းကြပြီးတော့ ကုန်သွားပြီး ပြောတယ်” ဟု ပြောကြားသည်။
ယခင်က မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အများအားဖြင့် အိမ်စီးကားများသာ ဆီထည့်ကြလေ့ရှိသော်လည်း ယခုအခါ ကုန်တင်ယာဉ်ကြီးများပါ ဒီဇယ်ဆီရရှိရန်အတွက် လာရောက်စောင့်ဆိုင်းနေကြသည့် အနေအထားမျိုးဖြစ်နေကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။
“သူတို့အနေနဲ့က မြဝတီတို့၊ ဘုရားသုံးဆူတို့ကို ဒီဇယ်ဆီရောင်းရင် ဈေးက ထက်ဝက်ကျော်မြတ်တော့ အဲ့ဒီဘက်တွေကိုဘဲ အဓိက တင်ရောင်းနေကြတဲ့သဘောဖြစ်နေတယ်။ မော်လမြိုင်မှာ ဒီဇယ်ဆီမရှိတော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ အကုန်ရပ်နေရတယ်။ အဲ့ဒီအပြင်ကို ဒီဇယ်ဆီထည့်မောင်းရတဲ့ ကုန်တင်ယာဉ်တွေ၊ အိမ်စီးကားတွေလည်း အကုန်အခက်အခဲဖြစ်နေတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံနှင့် ထိစပ်နေည့် ဒေသများ၌ မြန်မာနိုင်ငံဘက်သို့ သွယ်တန်းထားသော လျှပ်စစ်မီး၊ အင်တာနက်လိုင်းနှင့် စက်သုံးဆီ ပို့လွှတ်တင်ပို့မှုကိုလည်း ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၅) ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဖြတ်တောက်လိုက်သောကြောင့် ယင်းဒေသများရှိ ကျားဖြန့်ခေါ်အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် စက်သုံးဆီများအား သထုံမြို့နှင့် မော်လမြိုင်မြို့မှတဆင့် အဖွဲ့အစည်းပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် ပို့ဆောင်နေကြကြောင်း မော်လမြိုင်မြို့မှ လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

