ဘုရားသုံးဆူမြို့မှ တရုတ်ကျားဖြန့်ဂိုဏ်သားများ ချောင်းဆုံရွာအနီး သဘာဝရေကူးကန်ဘက်သို့ ပြောင်းရွှေ့သွားကြောင်း မြေပြင်စောင့်ကြည့်လေ့လာမှုအရ သိရသည်။
ဘုရားသုံးဆူမြို့မှ ၁၀ မိုင်ခန့်အကွာ ချောင်းဆုံရွာသည် လက်ရှိတွင် ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သော KNU နှင့် DKBA တို့ ထိန်းချုပ်လှုပ်ရှားသည့်နေရာဖြစ်သည်။
ဘုရားသုံးဆူမြို့ခံ ဆိုင်ကယ်တက္ကစီသမားတစ်ဦးက “ချောင်းဆုံဘက်မှာ အရင်ကလေ သဘာဝရေတံခွှန် အပမ်းဖြေစခန်းဆိုပြီးလုပ်ထားတာရှိတယ် အခုလက်ရှိမှာ ဘန်ဂလိုတွေ အလုံးလိုက်ရှိတယ်၊ ဆက်ပြီးဆောက်နေတာလည်းရှိတယ်၊ မြေဧက တော်တော်ကျယ်တယ်၊ အလုပ်သမားအင်အား ၄၀၀ လောက်နဲ့ အပြင်းအထန်ဆောက်လုပ် နေကြတယ်တအားပဲ၊ အပြင်လူလုံးဝ ဝင်ခွင့်မပြုဘူး၊ သုံးဆူက ကျားဖြန့်တွေကို အုပ်စုအလိုက် အဲဘက်ကို ရွှေ့နေတယ်” ဟု ဆိုသည်။
ထို့ပြင် ချောင်းဆုံရွာအနီး ကျောဗလုရွာတွင်လည်း အလျှားပေ ၂၀၀ အနံ ၈၀ ပေအဆောက်အဦတစ်ခုအတွင်း ကျားဖြန့်တရုတ်များ ရောက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ဘုရားသုံးဆူမြို့အတွင်း တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် အွန်လိုင်း လောင်းကစား လုပ်ငန်းများ လာရောက်အခြေချလုပ်ဆောင်နိုင်ခြင်းမရှိစေရန် အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်ကျားဖြန့်ဂိုဏ်းသားများအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကို နောက်ဆုံးထား၍ ဘုရားသုံးဆူမြို့မှ ထွက်ခွာသွားရန် DKBA က အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။
ဘုရားသုံးဆူမြို့တွင် တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေခြင်းမရှိတော့ကြောင်း ထိုင်းနိုင်ငံအစိုးရ ယုံကြည်မှသာ လျှပ်စစ်မီးနှင့်လောင်စာဆီများကို ယခင်ကဲ့သို့ ပြန်လည်အသုံးပြုခွင့်ပေးမည်ဟု သိရသည်။


