ဘန်ကောက်မြို့တွင် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပနေစဥ် အပြင်လမ်းသွယ် တစ်နေရာမှ ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး တရားခံက တီးဝိုင်းပရိသတ်ထဲသို့ ပုန်းခိုပြေးဝင်သွားသဖြင့် ဖြေဖျော်ရေးအခမ်းအနား ရပ်နားလိုက်ရကြောင်း သိရသည်။
ယမန်နေ့ နေ့လယ်ပိုင်းက သုဓမ္မဝတီ မွန်ကျောင်းဝင်းအတွင်း (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပနေစဥ် ရန်ညှိးရန်စရှိခဲ့သည်ဟု ယူဆရသော လူငယ်အုပ်စုနှစ်ခုက ဘန်ကဍဳးလမ်း-၂၅ တစ်နေရာတွင် ဓါးထိုးမှုဖြစ်ခဲ့ကြောင်း၊ တဖက်မှ လူငယ်တစ်ဦး နောက်ကျောဓါးထိုးခံရပြီး တရားခံဖြစ်သူက သုဓမ္မဝတီကျောင်းဝင်းသို့ ပြေးဝင်၍ တီးဝိုင်းကြည့်ရှုနေသည့် ပရိသတ်ထဲသို့ ပုန်းခိုနိုင်ခဲ့သောကြောင့် လုံခြုံရေးအဖွဲ့ ရှာဖွေဖမ်းဆီးခြင်းမှ လွတ်မြောက်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
“တီးဝိုင်းက ဘုန်းကြီးကျောင်းဝင်းထဲမှာ နေ့ခင်းကြောင်တောင်ဖြစ်နေတော့ ပရိသတ်က ထောင်နဲ့ချီရှိနေတယ် ၊ တီးဝိုင်းလာကြည့်တဲ့ လူငယ်အချင်းချင်း ရန်ညှိုးရန်စရှိထားတာလို့ သိရတယ်၊ ဘန်ကဍဳးလမ်းသွယ် ၂၅ မှာ ဓါးထိုးမှုဖြစ်ခဲ့တာ၊ ဓါးနဲ့ထိုးသူက ဘုန်းကြီးကျောင်းဝင်းထဲ ပြေးဝင်လာပြီး ပရိသတ်ထဲ ဝင်ရောလို့ တခါထဲပျောက်သွားတာပဲ၊ ဘယ်သူဘယ်ဝါမှန်းလည်း မသိပါဘူး အားလုံးက မွန်လုံခြည်နဲ့ ဆိုတော့၊ တီးဝိုင်းကိုလည်း ချက်ချင်းရပ်လိုက်ရပြီး ပရိသတ်ကိုလည်း ပြန်ခိုင်းလိုက်တယ်”
အဆိုပါ ဓါးထိုးခံရသူ လူငယ်အား အရေးပေါ် ဆေးရုံတင်ထားရကြောင်း၊ ဓါးဖြင့်ထိုးသူ လက်သည်တရားခံအား ထိုင်းရဲများ ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း တီးဝိုင်းလုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အခုရန်ဖြစ်နေတဲ့အုပ်စုနှစ်ခုက ပွဲပျက်အောင် တမင်တကာဖန်တီးနေသလိုပဲ၊ အရင်ကလည်း ဓါးထိုးမှုဖြစ်ခဲ့ဖူးတယ်၊ ကျောင်းဝင်းထဲမှာက လုံခြုံရေးအပြည့်ချထားတော့ ရန်ဖြစ်လို့မရဘူး၊ ဒါပေမယ့်အခုဟာက အပြင်ကနေရန်ဖြစ်ပြီး ကျောင်းဝင်းထဲ လာပုန်းလို့ တီးဝိုင်းရပ်လိုက်ရတာပါ”
အဆိုပါဖြစ်စဥ်တွင် ထွက်ပြေးလွတ်မြောက်သွားသော တရားခံဖမ်းမိနိုင်ရေးအတွက် ထိုင်းရဲများက သုဓမ္မဝတီဆရာတော်အပါအဝင် တီးဝိုင်းလုံခြုံရေးအဖွဲ့ဝင်များအား မေးမြန်းစုံစမ်းခဲ့ကြောင်း သိရသည်။