ပြည်သူလူထုအပေါ် အကြမ်းဖက်နှိပ်စက်သတ်ဖြတ်နေသည့် စစ်အာဏာရှင်နှင့် အပေါင်းအပါများကို မွန်ပြည်သူများအနေဖြင့် အမျိုးသားဘုံရန်သူအဖြစ် သတ်မှတ်ပြီး စစ်အာဏာရှင်အား တော်လှန်တိုက်ခိုက်ရန်အတွက် လာရောက်ပူးပေါင်းလက်တွဲကြပါရန် ဖိတ်ခေါ်အပ်ပါကြောင်း ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် ကျရောက်ခဲ့သည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) News Mon State Party (Anti-military Dictatorship) ဖွဲ့စည်းတည်ထောင်မှု (၁) နှစ်ပြည့် သဘောထား ထုတ်ပြန်ချက်တွင် တိုက်တွန်း ဖိတ်ခေါ်ထားသည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် အမျိုးသားတန်းတူညီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်သွားကြရန် မွန်ပြည်သစ်ပါတီမှ နိုင်ငံရေးခံယူချက်တူသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ်ဗိုလ်၊ တပ်သားများနှင့် မွန်မျိုးချစ်ပြည်သူများ ပူးပေါင်းပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) News Mon State Party (Anti-military Dictatorship) ဖွဲ့စည်းခဲ့သည်မှာ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် (၁) နှစ်တိုင်ခဲ့ပြီးဖြစ်ကြောင်း NMSP – AD ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
တစ်နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီကျရှုံးရေးအတွက် သီးခြားသော်လည်းကောင်း၊ မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုက်ပွဲဝင်လျှက်ရှိပါကြောင်း၊ ထို့အပြင် ပါတီနှင့်တပ် ခိုင်မာအားကောင်းရေးအတွက်လုပ်ဆောင်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူများနှင့်ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ NMSP – AD ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေးနှင့် အခြားပြည်သူ့ဝန်ဆောင်မှုကဏ္ဍများကိုလည်း အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း NMSP – AD ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
မွန်တော်လှန်ရေးအင်အားတောင့်တင်းလာမည်ကို စိုးရိမ်သည့် စစ်ကောင်စီသည် မွန်ပြည်သူနှင့်တော်လှန်ရေးအဖွဲ့အစည်းများအကြား သွေးခွဲခြင်း၊ လက်နက်အားကိုးပြီး ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီးများနှင့် လေကြောင်းများဖြင့် ဘာသာရေးအဆောက်အအုံမျး၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် လူနေအဆောက်အအုံများကို လူမဆန်စွာ တိုက်ခိုက်နေသည့်အပြင် ပြည်သူလူထုစားဝတ်နေရေးအကြပ်အတည်းဖြစ်စေရန်ရည်ရွယ်ပြီး လမ်းပမ်းဆက်သွယ်ရေးများ၊ ပိတ်ဆို့ဖြတ်တောက်ခြင်းစသည်များကို နေ့စဉ် ကျူးလွန်လျက်ရှိကြောင်း၊ ထို့အပြင် စစ်ကောင်စီသည် မွန်ပြည်နယ်အတွင်းလူငယ်များကိုလည်း ပစ်မှတ်ထားပြီး မတရားသည့်နည်းလမ်းဖြင့် အတင်းအကြပ် တပ်သားစုဆောင်းခြင်းများ ဆက်တိုက်လုပ်ဆောင်လာနေသည်ကိုတွေ့ရှိရကြောင်းလည်း NMSP – AD က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားများအပေါ်ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ရရှိနိုင်မည့်တစ်ခုတည်းသော နည်းလမ်းသည် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းပြီး ကိုယ့်ကြမ္မာကိုဖန်တီးခွင့်ရှိသည့် ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံရေးစနစ်အသစ်တစ်ခုကို တည်ဆောက်ခြင်းဖြစ်ကြောင်း NMSP – AD ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
NMSP – AD အနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် မိမိတို့ မျှော်မှန်းသည့် တန်းတူရေးနှင့်ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိသည့် မွန်ပြည်ပေါ်ထွန်းရေးဟူသော နိုင်ငံရေးပန်းတိုင် မရောက်မချင်း ဘဝတူတိုင်းရင်းသားများ၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ လက်တွဲကာ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မွန်တပ်တော်တစ်ခုတည်းပေါ်ထွန်းရေး၊ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-Up Federalism) ချဉ်းကပ်မှုဖြင့် ပြည်ထောင်စုနှင့် ပြည်နယ်ယူနစ်တည်ဆောက်ရေးများကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း NMSP – AD က ဆိုထားသည်။
မွန်ပြည်သူများအနေဖြင့် ပြည်သူလူထုအပေါ် အကြမ်းဖက်နှိပ်စက်သတ်ဖြတ်နေသည့် စစ်အာဏာရှင်နှင့် အပေါင်းအပါများကို အမျိုးသားဘုံရန်သူအဖြစ် သတ်မှတ်ပြီး စစ်အာဏာရှင်အား တိုက်ခိုက်ရန်အတွက် NMSP – AD နှင့် ပူးပေါင်းလက်တွဲကြပါရန် ဖိတ်ခေါ်အပ်ပါကြောင်း၊ မွန်လူငယ်များအနေဖြင့် တော်လှန်ရေး အမြန်အောင်မြင်ရေးအတွက် မွန်အမျိုးသားရေးတာဝန်များကို ဝင်ရောက်ထမ်းဆောင်ကြပါရန်၊ ပြည်တွင်းပြည်ပရှိ မွန်ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးအတွက် ကူညီထောက်ပံ့ခြင်း၊ နည်းပညာအထောက်အကူ ပံ့ပိုးခြင်းအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်းပေးကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း NMSP – AD ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
မတရားမှုနှင့် စစ်အာဏာရှင်ကို တော်လှန်ရင်း မြင့်မြတ်စွာ အသက်သွေးချွေး ပေးလှူသွားကြသည့် ရဲဘော်ရဲဘက်များနှင့် ပြည်သူများအားလုံးကို အလေးအမြတ်ထား ဂါရဝပြုအပ်ပါကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သည့် အကြမ်းဖက်မှုများကြားမှ ကြံ့ကြံ့ခံကာ မပြီးပြတ်သေးသော တော်လှန်ရေးတာဝန်များအား ဆက်လက်ထမ်းဆောင်နေကြသည့် ရဲဘော်ရဲဘက်များနှင့် အဖက်ဖက်မှ ပူးပေါင်းပါဝင်နေကြသည့် ပြည်သူများအားလုံးအား အလေးအနက်ထား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း NMSP – AD ၏ သဘောထားထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။



