ဘုရားသုံးဆူ- ၂၀၂၅ ဖေဖေါ်ဝါရီ (၁၀)
ဘုရားသုံးဆူမြို့အတွင်း တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် အွန်လိုင်း လောင်းကစား လုပ်ငန်းများ လာရောက်အခြေချလုပ်ဆောင်နိုင်ခြင်းမရှိစေရန် အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အမှတ် (၂) နည်းဗျူဟာ မှ ယမန်နေ့က အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်လာကြောင်း သိရသည်။
ထိုင်းနိုင်ငံ အစိုးရက ဘုရားသုံးဆူမြို့ အပါအဝင် နယ်စပ်မြို့များသို့ လျှပ်စစ်မီး နှင့် လောင်စာဆီတင်ပို့ခြင်းတို့ကို (၂၀၂၅)ခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက်နေ့မှစတင် ဖြတ်တောက်ခဲ့ပါကြောင်း DKBA ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ယင်းသို့ ထိုင်းနိုင်ငံအစိုးရက လျှပ်စစ်မီး နှင့် လောင်စာဆီတင်ပို့ခြင်းတို့ကို ဖြတ်တောက်ခဲ့မှုကြောင့် ဘုရားသုံးဆူမြို့နေ ပြည်သူများအနေဖြင့် လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ဆက်နွယ်သော လူမှုစီးပွား ထိခိုက်နစ်နာမှုများကို ခံစားနေကြရသည်ကို ဝမ်းနည်းဖွယ်ရာတွေ့မြင်နေရပါကြောင်း DKBA ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဘုရားသုံးဆူမြို့တွင် တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစာလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိကြောင်း နှင့် ထိုင်းနိုင်ငံအစိုးရ၏ ယုံကြည်မှု ရရှိမှသာ ဘုရားသုံးဆူမြို့သို့ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီ တင်ပို့မှုများကို ယခင်အတိုင်းပြန်လည် လုပ်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ဘုရားသုံးဆူမြို့နေ ပြည်သူများ၏ လူမှုစီးပွားထိခိုက်နစ်နာမှုများကို လျော့ပါးသက်သာ စေနိုင်မည်ဖြစ်ပါကြောင်းလည်း DKBA ထုတ်ပြန်ချက်တွင် ဆိုထားသည်။
သို့ဖြစ်ရာ ဘုရားသုံးဆူမြို့အတွင်း တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် အွန်လိုင်း လောင်းကစား လုပ်ငန်းများ လာရောက်အခြေချလုပ်ဆောင်နိုင်ခြင်းမရှိစေရန် နှင့် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်းအမြန်ဆုံးပြန်လည်ရရှိစေရေးအတွက် မိမိတို့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အမှတ် (၂) ဗျူဟာအနေဖြင့် အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း DKBA ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် ဒေသများဖြစ်ကြသော ဘုရားသုံးဆူမြို့၊ မြဝတီမြို့ နှင့် တာချီလိတ်မြို့နှင့် ထိစပ်နေသည့် ဒေသများ၌ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ လူကုန်ကူးသည့်လုပ်ငန်းများအား တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာမှ သတိပြု စောင့်ကြည့်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လုံခြုံရေးတင်းကြပ်တိုးမြှင့်ထားသည့်အပြင် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ သွယ်တန်းထားသော လျှပ်စစ်မီး၊ အင်တာနက်လိုင်းနှင့် စက်သုံးဆီ ပို့လွှတ်တင်ပို့မှုကိုလည်း ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၅) ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဖြတ်တောက်လိုက်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
အလားတူ ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် တည်ရှိသည့် ရွှေကုက္ကိုလ်ဒေသအတွင်းရှိ ကျားဖြန့်ခေါ်အွန်လိုင်းငွေလိမ်လုပ်ငန်းများအပါအဝင် တရားမဝင် ရာဇဝတ်မှုများကို အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲတိုက်ဖျက်သွားမည်ဟု နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) – BGF က ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၆) ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာခဲ့သည်။


See insights and ads
All reactions:
55