ဘီးလင်း- ၂၀၂၅ ဖေဖေါ်ဝါရီ (၁၀)
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တဂေးလောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီမှ လေကြောင်းမှ ပေါင် (၅၀၀) ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် သာသနိကအဆောက်အအုံများနှင့် လူနေအိမ်အများအပြား ပျက်စီခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ ဖေဖေါ်ဝါရီလ (၉) ရက်နေ့ မွန်းလွဲ (၁၂) နာရီ (၄၅) မိနစ်အချိန်ခန့်က ဘီးလင်းမြို့နယ် မင်းစောကျေးရွာအုပ်စု၊ တဂေးလောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ တဂေးလောင်းဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းသည်။
ထိုသို့ ပေါင် (၅၀၀) ဗုံးကျရောက်ပေါက်ကွဲခဲ့ရာမှ တဂေးလောင်းဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စေတီတစ်ဆူ နှင့် သာသနိကအဆောက်အုံများ ထိခိုက်ပျက်ဆီးခဲ့ရသည့်အပြင် အနီးရှိ လူနေအိမ် (၁၇) လုံးခန့်မှာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) က ဆိုထားသည်။
ဘီးလင်းမြို့နယ် မဲပလီကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ မဲပလီဗျူဟာစခန်းကုန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီမှ ယင်းဒေသဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည့်အပြင်၊ လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၇) ရက်နေ့ နံနက် (၂) နာရီ မှ (၃) နာရီခွဲအချိန်အတွင်း ဘီးလင်းမြို့နယ် ရွှေလောင်းအင်းကျေးရွာအုပ်စု နှင့် အစူးချောင်းကျေးရွာအုပ်စု အတွင်းသို့ စစ်ကောင်စီမှ Y – 12 လေယာဉ်ဖြင့် (၆) ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ ရွှေလောင်းအင်းကျေးရွာအုပ်စု၊ နတ်ကြီးရွာ၊ ရှမ်းစုရွာဘက်ခြမ်းတွင် ဗုံး (၃) လုံးကျရောက်ပေါက်ကွဲခဲ့ရာ လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။
ထို့အပြင် အစူးချောင်းကျေးရွာအုပ်စု၊ အစူးချောင်းရွာဘက်တွင် ဗုံး (၇) လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း နှင့် အစူးချောင်ကျေးရွာရှိ စာသင်ကျောင်းပေါ်သို့ ဗုံးကျခဲ့သည့်အတွက် ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

Photo Credit – KNU