မြဝတီ- ၂၀၂၅ ဖေဖေါ်ဝါရီ (၈)
ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီများ တင်သွင်းမှု ရပ်ဆိုင်းလိုက်သောကြောင့် ကန့်ကွက်ဆန့်ကျင်သည့်အနေဖြင့် ထိုင်းကုန်စည် စီးဆင်းမှုအား ပိတ်ဆို့ပေးရေး အတွက် မြဝတီမြို့တွင် ယနေ့ နံနက်ပိုင်းက မြို့ခံတချို့မှ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။
ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) အနီး ဆန္ဒထုတ်ဖေါ်သူများ ချီတက်ရာလမ်းတလျှောက်တွင် ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်စီးဆင်းမှုရပ်တန့်ပေးရေး… ဒို့အရေး ၊ ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေး (မြဝတီ) တံတားအမှတ် (၁) နှင့် (၂) အား ပိတ်ပေးရေး… ဒို့အရေး၊ ထိုင်း – မြန်မာနယ်စပ် တရားမဝင်ဂိတ်များ ပိတ်ပေးရေး… ဒို့အရေး၊ ထိုင်းကုန်စည်များ မသုံးစွဲရေး … ဒို့အရေး အစရှိသော ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒထုတ်ဖေါ်သူများမှ ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် မြဝတီမြို့ အမှတ် (၄)ရပ်ကွက် မြစန္ဒီ ကျောက်တိုင်ကွင်းတွင် စုရပ်ပြုလုပ်ပြီးနောက် ဘုရင့်နောင်လမ်းမကြီးအတိုင်း ထိုင်း – မြန်မာ ချစ်ကြည်ရေး တံတား အမှတ် (၁) အနီးသို့လည်းကောင်း၊ ထိုမှ ဗိုလ်ချုပ်လမ်း၊ ချစ်ကြည်ရေးလမ်းအတိုင်း ထိုင်း – မြန်မာ ချစ်ကြည်ရေးအမှတ် (၂) သို့ ချီတက်ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။
ထို့နောက် ဆန္ဒဖေါ်ထုတ်ပွဲအား ဦးဆောင်သူများမှ ဟောပြောမှုများလုပ်ဆောင်ခဲ့ကြောင်း နှင့် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး နှင့် လောင်စာတင်သွင်းမှု ရပ်တန့်ထားသည့်အတွက်ကြောင့် မြဝတီမြို့ဒေသခံပြည်သူများအနေဖြင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်း၊ ထို အခြေအနေများအား ဖြေရှင်းပေးရန် ထိုင်းအာဏာပိုင်များနှင့် မြန်မာအာဏာပိုင်များ တွေ့ဆုံညှိနှိုင်းပေးရန် ဆန္ဒဖေါ်ထုတ်ပွဲ ဦးဆောင်သူများမှ တိုက်တွန်းပြောဆိုခဲ့ကြကြောင်းလည်း သိရသည်။
ထိုင်း – မြန်မာနယ်စပ်ရှိ ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းများအား တိုက်ဖျက်ရန်အတွက် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီး၊ အင်တာနက်လိုင်း၊ ရေ နှင့် လောင်စာဆီများ ဖြတ်တောက်ရန်အတွက် ဖေဖေါ်ဝါရီလ (၄) ရက်နေ့ က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးတန်ကြီး နှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) တို့ အစည်းအဝေးအတွင်း ဆုံးဖြတ်ခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ (၅) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၈) နာရီခွဲ အချိန်ခန့်မှစတင်ကာ ထိုင်းနိုင်ငံဘက်မှ ဖြတ်တောက်ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
လျှပ်စစ်မီး၊ အင်တာနက် နှင့် လောင်စာဆီများကို ထိုင်းတို့ဖြတ်တောက်ရပ်ဆိုင်းလိုက်သည့်အတွက် ကရင်ပြည်နယ် မြဝတီမြို့၊ ဘုရားသုံးဆူမြို့၊ မိုင်းတုံ နှင့် တာချီလိတ်မြို့ရှိ ဒေသခံပြည်သူများ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

Photo Credit – The Standard