မော်လမြိုင်- ၂၀၂၅ ဖေ (၆)
တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားလိမ်ညာငွေရှာနေသော အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ပြတ်ပြတ် သားသား နှိမ်နှင်းနေသည့် ထိုင်းနိုင်ငံကို တရုတ်သမ္မတက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ဘေဂျင်းမြို့တော်ကို ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နှင့် ယနေ့ တွေ့ဆုံစဉ် သမ္မတ Xi Jinping က ပြောကြားခဲ့သလို ဝန်ကြီးချုပ် Paetongtarn ကလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လုပ်သွားရန် ကတိပြုခဲ့သည်။
ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က “ကမ္ဘာကြီး ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုတွေကိုကို ဘုံခံစားနိုင်ကြဖို့အတွက် ထိုင်းအစိုးရအနေနဲ့ တရုတ်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ပဲ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် နောင်အနာဂတ်မျိုးဆက်များ အကျိုးခံစားနိုင်ရန် ရင်းနှီးသည့်ဆက်ဆံရေးနှင့် ဗျူဟာမြောက် လက်တွဲဆောင်ရွက်မှုများ ဆက်လက်လုပ်သွားမည်ဟုလည်း သူမက ကတိပြုခဲ့သည်။
သမ္မတ Xi ကလည်း အနှစ် ၅၀ ပြည့်ခဲ့သည့် တရုတ်ထိုင်းဆက်ဆံရေးတွင် အောင်မြင်ခဲ့မှုများ ခိုင်မာအောင်လုပ်ပြီး ပိုမိုအောင်မြင်သော အနာဂတ်အတွက် လက်တွဲသွားကြရန် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ကူမင်းမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အထိ ဆက်သွယ်မည့် မြန်နှုန်းမြင့်ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လျှပ်စစ်ကားလုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း တရုတ်သမ္မတ ဥပမာပေး ပြောကြားခဲ့သည်။
ထိုင်းနှင့် တရုတ်နိုင်ငံ အနှစ် ၅၀ ပြည့်သံတမန်ဆက်ဆံရေးအထိမ်းအမှတ်အဖြစ် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က တရုတ်နိုင်ငံကို ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်နေ့ အထိ ရောက်ရှိနေခြင်းဖြစ်သည်။
![](https://usercontent.one/wp/www.kaowao.asia/wp-content/uploads/2025/02/0c46aa8d-7c55-4556-90d6-debc952d84dd.jpg)
Photo- Globle Time;